ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေး အမေရိကန်လှူဒါန်းမယ်

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ဒီဇင်ဘာလအတွင်း ပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။

ဝါရှင်တန်ဒီစီ နိုင်ငံရေးလောက အကြောင်း အဓိက ရေးသားနေတဲ့ Politico သတင်းဌာနက နိုဝင်ဘာ၁၇ရက်မှာ အခုလို အဲဒီလိုဖော်ပြခဲ့တာပါ။

ဒါဟာ အမေရိကန် အစိုးရက ကမ္ဘာ ပဋိပက္ခဖြစ်တဲ့ဒေသတွေဆီကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး အကူအညီပေးမယ်လို့ ကတိပေးခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း အကောင်အထည်ဖော်မှုဖြစ်ပြီးအဲဒီလို အကူအညီပေးတာကို ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး ညီတူညီမျှရရှိရေး COVAX အစီအစဉ်ကနေတစ်ဆင့် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက နိုဝင်ဘာ၁၄ရက်မှာ ထိုင်းဒုဝန်ကြီးချုပ် ဒွန်ပရာမူဝီနိုင်း နေပြည်တော်ကို နေ့ချင်းပြန်လာရောက်တာဟာ ထိုင်း-မြန်မာနယ်စပ်ဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုး ပေးဖို့နဲ့ ထိုင်းနယ်စပ်ကနေတစ်ဆင့် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးအတွက် စစ်အုပ်စုနဲ့ သွားရောက်ညှိ နှိုင်းတယ်လို့ထင်ကြောင်းပြောပါတယ်။

‘အဲဒီအစီအစဉ်ဖြစ်လာရင် ကိုဗစ်ဆေးထိုးနှံပေးရေးမှာ ဒေါက်တာစင်သီယာမောင်တို့ရဲ့ အခန်းကဏ္ဍပါလာမယ်လို့ လည်းထင်တယ်’လို့သူကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးဒဲရစ်ချိုးလက်ရဲ့ အောက်တိုလာ၁၇-၂၂ရက် အာရှခရီးစဉ်အတွင်း ထိုင်း နိုင်ငံကို အောက်တိုဘာ၁၈ရက်နေ့ကရောက်ရှိခဲ့ပြီး ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံကာ ထိုင်းနယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအကူအညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကနေပြန်လာတဲ့ အမေရိကန်သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆန် ရဲ့ ပုဂ္ဂိုလ် ရေး ခရီးစဉ်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့နဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ကူညီနိုင်ရေးနည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။