ကမ္ဘောဒီးယားမှာ မိုးခေါင်ရေရှားလို့ စပါးစိုက်တောင်သူတွေ အခက်တွေ့နေ

ဖနွမ်းပင် (၁၇/မတ်လ/၂၀၁၉)

ကမ္ဘောဒီးယားနိုင်ငံမှာ မိုးခေါင်ရေရှားပြီး နေ့အပူချိန်တွေ စံချိန်တင် မြင့်တက်နေတာကြောင့် ဒေသခံတောင်သူတွေ အခက်တွေ့နေရပါတယ်။ ဒါ့ကြောင့် တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးတာ ယာယီရပ်နားထားဖို့ အာဏာပိုင်တွေက အခုသီတင်းပတ်မှာ သတိပေးချက်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အခုနှစ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမယ့် ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိလာနိုင်တယ်လို့ ကမ္ဘောဒီးယားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဒီးယားဟာ ပုံမှန်အားဖြင့် မိုးခေါင်တာထက် ရေကြီးရေလျှံတာတွေ အဖြစ်များတဲ့ နိုင်ငံ ဖြစ်ပေမယ့် လက်ရှိမှာတော့ နိုင်ငံတစ်လွှား ပြည်နယ် ၁၆ခုမှာ ရေပြတ်လတ်နေပြီး မြစ်ချောင်း တစ်ချို့မှာလည်း ရေတွေခမ်းခြောက်နေပါတယ်။

အဲဒါကြောင့် ဒေသခံ စပါးစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးအတွက် အခက်တွေ့နေကြရတာပါ။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်း ကျော်ဟာ စိုက်ပျိုးရေးနယ်မြေဖြစ်ပြီး ဆန်စပါး အများဆုံး စိုက်ပျိုးကြပါတယ်။

ကမ္ဘောဒီးယားရဲ့ ဆန်စပါးတင်ပို့မှုပမာဏဟာ ကမ္ဘာ့ဆန်စပါးတင်ပို့မှု စုစုပေါင်းပမာဏရဲ့ သုံးရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကပြောပါတယ်။
Ref : www.asianews.it

Delta News

Read Previous

အရှေ့တောင်အာရှမှာ ခေတ်စားလာတဲ့ မြို့ပြစိုက်ခင်းစနစ် (Urban Farming)

Read Next

လူသတ်မှု နှင့် မူးယစ်ဆေးဝါးမိတာ တနေ့ထဲဖြစ်ခဲ့တဲ့ မြောင်းမြထောင်

Most Popular