စဉ့်ကူးမြို့ ဟင်္သာမကျေးရွာအုပ်ကြီး သေနတ်နဲ့ အပစ်ခံရ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကို အမည်မသိ သေနတ်သမားဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့ မနက် ၅နာရီခန့်မှာ ဦးခင်မောင်သန်းနဲ့ အမျိုးသားတစ်ဦးဟာ ကျေးရွာအနီး ကျွန်းမြေပေါ်ကိုအသွားမှာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နေရာပင်သေဆုံးသွားတယ်လို့ သိရပါတယ်။

“အုပ်ကြီးနဲ့ ကြံ့ဖွံ့ကတစ်ယောက်က နွေရေကျချိန် သောင်ကျွန်းမြေပေါ်မှာ စိုက်ပျိုးရေးလုပ်ဖို့ အကွက်ကြည့်မယ်ဆိုပြီးတော့သွားတာမှာ အပစ်ခံရတာက အုပ်ကြီးလည်းအပစ်ခံရပြီးရော ကြံ့ဖွံ့က တစ်ယောက်က ဝင်လုံးလို့ သူလည်း ကျည်ထိသွားတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူယုံအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်း စစ်အုပ်စုတွေကိုခေါ်ဆောင်ကာ မကြာခဏဖမ်းဆီးမှုတွေ လုပ်ဆောင်စေသူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။