ဖျာပုံနဲ့ မအူပင်မှာ Stay Home အစီအစဉ်ပယ်ဖျက်မယ်

၂၆ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းအတွင်း ဖျာပုံနဲ့မအူပင်မှာ ဒီဇင်ဘာ ၂၇ရက်နေ့ မနက်၈နာရီကစပြီး Stay at Home အစီအစဉ် ပယ်ဖျက်သွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဧရာဝတီတိုင်းမြို့နယ်အချို့မှာ သီတင်းပတ်နှစ်အတွင်း COVID 19အတည်ပြုလူနာသစ်အရေအတွက် လျော့ကျလာတာ၊ အတည်ပြုလူနာတွေကနေတဆင့် အစုလိုက် အပြုံလိုက်ကူးစက်မှု လျော့နည်းလာတာနဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေကို စစ်ဆေးရာမှာလည်း ကူးစက်မှုလျော့နည်းလာတာ စတဲ့အချက်တွေကြောင့် အခုလို ဖြေလျော့လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID 19ရောဂါကူးစက်မှု မြင့်တက်လာလို့ စက်တင်ဘာ ၂၅ရက်နေ့ကစပြီး ဧရာဝတီတိုင်းအတွင်း ဖျာပုံ ၊ မအူပင်နဲ့ ပုသိမ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့တာပါ။

ဖျာပုံနဲ့မအူပင်ကို Stay at Home မြို့နယ်အဖြစ် ပယ်ဖျက်လိုက်ပေမယ့် လက်ရှိပုသိမ်မြို့မှာတော့ ကိုဗစ်လူနာအရေအတွက် ထပ်တိုးနေစဲ ဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းအထိ စာရင်းအရ ဧရာဝတီတိုင်းမှာ ကိုဗစ်လူနာဦးရေ(၄၂၈၆)ရှိပြီး သေဆုံးသူ(၃၇)ဦးထိ ရှိလာပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဖော်ပြထားပါတယ်။