၂၀၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်

 

၂၈၊ အောက်တိုဘာ၊ ၂၀၂၁။

အိန္ဒိယနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ခုနှစ် အမျိုးသမီးအာရှဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲရာမှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းက အုပ်စုကျပ်ထဲကို ကျရောက်သွားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု(ဂ)မှာ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်သွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဟောင်း ဂျပန်၊ အစဉ်အလာကြီးမားတဲ့ တောင်ကိုရီးယား၊ အာဆီယံဒေသတွင်း ထိပ်သီးပြိုင်ဘက် ဗီယက်နမ်တို့နဲ့ ကစားရမှာဖြစ်လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရေးက ခက်ခဲဖွယ်ရှိနေပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ခြေစစ်ပွဲတွေတုန်းက လက်ဘနွန်ကို လေးဂိုး ဂိုးမရှိ၊ ဂူအမ်ကို ရှစ်ဂိုး ဂိုးမရှိ၊ ယူအေအီးကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး သုံးပွဲကစား၊ သုံးပွဲနိုင်၊ သွင်းဂိုး ၁၄ ဂိုး၊ ပေးဂိုး လုံးဝမရှိတဲ့ရလဒ်နဲ့ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။

၂၀၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် အုပ်စုတွေ မဲခွဲချိန်မှာ အုပ်စု(က)အတွင်း အိမ်ရှင် အိန္ဒိယ၊ တရုတ်၊ တရုတ်တိုင်ပေနဲ့ အီရန်တို့ ပါဝင်သွားခဲ့ပြီး အုပ်စု(ခ)မှာတော့ ဩစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ ကျရောက်သွားခဲ့ပါတယ်။

အုပ်စု(ဂ)မှာတော့ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ မြန်မာတို့ ပါဝင်နေပြီး အုပ်စုပထမနဲ့ ဒုတိယ ရရှိတဲ့ အသင်းခြောက်သင်းနဲ့အတူ အကောင်းဆုံး အုပ်စုတတိယ နှစ်သင်းက ကွာတားဖိုင်နယ်ကို တက်လှမ်းခွင့်ရရှိမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အမျိုးသမီးအာရှဖလားပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှာ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။