ဖာဂူဆန် ထောက်ခံပေးလို့ ယူနိုက်တက်နည်းပြနေရာမှာ ဆိုးလ်ရှား ဆက်ရှိနေမယ်၊ ဆိုးလ်ရှား ဆက်ရှိနေရင် စာချုပ်သက်တမ်း မတိုးဘူးလို့ ပေါ့ဂ်ဘာ ဆုံးဖြတ်ထား

 

၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ့ဆရာဟောင်းဖြစ်သူ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ထောက်ခံပေးမှုကြောင့် ရာထူးဆက်လက် တည်မြဲနေဦးမယ်လို့ သိရပါတယ်။

လီဗာပူးကနေ မန်ချက်စတာယူနိုက်တက်ကို ငါးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ နည်းပြ ဆိုးလ်ရှားရဲ့အနာဂတ်က အရမ်းကို လှုပ်ခတ်သွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် နည်းပြအပြောင်းအလဲဖြစ်နိုင်စရာအခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က အသင်းပိုင်ရှင်တွေအပြင် အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်နဲ့ပါ တွေ့ဆုံစကားပြောဆိုခဲ့ပြီး အဆုံးသတ်မှာ ဆိုးလ်ရှားကို အချိန်ထပ်ပေးဖို့ နားချနိုင်ခဲ့အတွက် အခုတစ်ပတ် စပါးအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ဆိုးလ်ရှားကိုသာ ဆက်လက် မြင်တွေ့ရလိမ့်မယ်လို့ သိရှိရပါတယ်။

နည်းပြ ဖာဂူဆန်ဟာ သူ့တပည့် ဆိုးလ်ရှားကို နောက်ကွယ်ကနေ တတ်နိုင်စွမ်းသမျှ အကူအညီပေးဖို့ စီစဉ်နေပြီး စပါး၊ အတ္တလန္တာ၊ မန်ချက်စတာစီးတီးတို့နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တွေပြီးမှ ဆိုးလ်ရှားကို အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိ သင့်၊ မသင့် ဆုံးဖြတ်သင့်ကြောင်း နည်းပြ ဖာဂူဆန်က အကြံပြုထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမဲ့ Manchester Evening News သတင်းမီဒီယာကတော့ ဆိုးလ်ရှားရဲ့အနာဂတ်ဟာ စပါးနဲ့ပွဲစဉ်အပေါ် လုံးဝမူတည်နေပြီး အဲ့ဒီပွဲစဉ်မှာ ရလဒ်ထပ်ဆိုးခဲ့ရင် ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီး နည်းပြသစ်ခန့်အပ်မှုကို မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ကျိန်းသေဆောင်ရွက်လိမ့်မယ်လို့ ရေးသားထားပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ နည်းပြ ဆိုးလ်ရှားနဲ့ အဆင်မပြေမှုတွေရှိနေကြောင်း သတင်းထွက်ပေါ်နေပြီး အသင်းနည်းပြအဖြစ် ဆိုးလ်ရှားသာ ဆက်ရှိနေမယ်ဆိုရင် ပေါ့ဂ်ဘာက စာချုပ်သစ် မချုပ်တော့ဘဲ ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချမှတ်ထားပြီးပြီဖြစ်ကြောင်း သိရှိရပါတယ်။