ခရာဘောင်းဖလားပွဲစဉ် လူစာရင်းကနေ ချန်လှပ်ထားခဲ့လို့ စပါးမှာ ဟယ်ရီဝင့်ခ်နဲ့ အယ်လ်လီ ဆက်ရှိနေဖို့ မသေချာမှုတွေ ရှိလာ

 

၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်နဲ့ ဒယ်လီ အယ်လ်လီတို့ဟာ ခရာဘောင်းဖလားပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အလေးအနက်ထား စဉ်းစားတာတွေ ရှိနေပြီလို့ သိရပါတယ်။

ဟယ်ရီဝင့်ခ်နဲ့ အယ်လ်လီတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း နည်းပြ နူနိုဆန်တိုရဲ့ချန်လှပ်ခြင်းကို ခံခဲ့ရပြီး နည်းပြ နူနိုဆန်တိုရဲ့အစီအမံမှာ သူတို့အတွက် အခွင့်အရေး ထပ်ရနိုင်ဖို့ ရှိ၊ မရှိဆိုတာကို ဟယ်ရီဝင့်ခ်နဲ့ အယ်လ်လီတို့က သိလိုစိတ် ပြင်းပြနေကြပြီလည်းဖြစ်ပါတယ်။

စပါးနည်းပြ နူနိုဆန်တိုဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေရှိနေတဲ့ နည်းပြစာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်နေပြီး ဒီကနေ့မှာ ဘန်လေနဲ့ယှဉ်ပြိုင်ရမယ့် ခရာဘောင်းဖလားပွဲစဉ်က အသင်းကို ယုံကြည်မှုပြန်လည်တည်ဆောက်ပေးရမယ့်ပွဲလို့ နည်းပြ နူနိုဆန်တိုက ပြောကြားထားပါတယ်။

စပါးဟာ ရှေ့လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုရောက်ရင် မန်ချက်စတာယူနိုက်တက်ကို ရင်ဆိုင်ရဖို့ရှိနေပြီး အဲ့ဒီပွဲစဉ်မှာ စပါးနည်းပြ နူနိုဆန်တိုနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့အနက် ဖိအားတွေအောက်ကနေ ဘယ်သူလွတ်မြောက်အောင် ရုန်းထွက်နိုင်မလဲဆိုတာ စောင့်ကြည့်ကြရလိမ့်မယ်လို့ နိုင်ငံတကာအားကစားသတင်းမီဒီယာတွေက သုံးသပ်ထားပါတယ်။

ဟယ်ရီဝင့်ခ်နဲ့ အယ်လ်လီတို့ဟာ နည်းပြ နူနိုဆန်တိုရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ကစားခွင့် မရရှိဘူးဆိုရင် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်မှာ အသင်းပြောင်းရွှေ့ကစားဖို့ အလေးအနက် စဉ်းစားလာဖွယ်ရှိနေပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း အသင်းရဲ့ရလဒ်တွေကို စိတ်ပျက်နေကြောင်း သတင်းတွေထွက်ပေါ်နေပြီး မန်ချက်စတာစီးတီးအသင်းကတော့ အခွင့်အရေးရနိုင်မယ်ဆိုရင် လာမယ့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ ဟယ်ရီကိန်းအပြောင်းအရွှေ့ဖြစ်မြောက်ရေးကို တစ်ကျော့ပြန်လည် ကြိုးပမ်းဖွယ်ရှိနေပါတယ်။