၂၇၊ အောက်တိုဘာ၊ ၂၀၂၁။
နိုင်ငံတကာပွဲစဉ်တွေ တစ်ခန်းရပ်သွားကတည်းက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲထွက်ခွင့် မရသေးတဲ့ ကွင်းလယ်လူ ဟာဇက်ကို နည်းပြ အန်ဆယ်လော့တီက သုံးသပ်ချက်တချို့ ပေးသွားခဲ့ပါတယ်။
လက်ရှိမှာ အန်ဆယ်လော့တီအနေနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အပေါ်မှာ ထောက်ခံမှုနဲ့ ပတ်သက်ပြီး အသိပေးမှုလည်း တစ်ပါတည်း ပြုလုပ်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အယ်ကလပ်စီကိုပွဲမှာ ဟာဇက်ကို မသုံးဘဲ ရိုဒရီဂိုကို သုံးခဲ့တဲ့အပေါ်မှာ နည်းပြအန်ဆယ်လော့တီက “ဟာဇက်က လက်ရှိမှာ အဆင်သင့်ဖြစ်နေတယ်ဆိုပေမယ့် နည်းပြက တခြားကစားသမားကို ဘာကြောင့် ပိုပွဲထုတ်နေသလဲဆိုတာ ဒီလိုအသင်းမျိုးမှာ ရှိနိုင်ပါတယ်”လို့ သူက ပြောခဲ့တာပါ။
အန်ဆယ်လော့တီဟာ သူ့ကြိုက်နှစ်သက်တဲ့ ခြေစွမ်းမျိုးအထိ ဟာဇက်မရောက်သေးတာကို သွယ်ဝိုက်ပြောကြားခဲ့တာဖြစ်ပြီး အချိန်တစ်ခုကိုလည်း စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လူငယ်ကစားသမားတွေဖြစ်တဲ့ ရိုဒရီဂိုနဲ့ ဗင်နီစီးယက်စ်တို့ကို အန်ဆယ်လော့တီက အသုံးပြုနေခဲ့ပါတယ်။
လူငယ်ကစားသမား ဗင်နီစီးယာက်စ်ကိုတော့ အန်ဆယ်လော့တီက အလုပ်အရမ်းကြိုးစားတဲ့ လူငယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပြီး နိမ့်ချတတ်သူဖြစ်တာကြောင့် အခုထက် ပိုမိုတိုးတက်လာမှာဖြစ်တယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။