၂၇၊ အောက်တိုဘာ၊ ၂၀၂၁။
အိုက်ယာလန် MMA ဖိုက်တာ မက်ဂရီဂေါ်ဟာ မန်ယူအသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မန်ယူရဲ့ အခြေအနေတွေဟာ အတော်လေး ရှုပ်ထွေးနေတာကြောင့် မနေနိုင်ဘဲ နည်းပြဆိုးလ်ရှားအတွက် အကြံပေးမှုတစ်ခုပြုလုပ်လိုက်တာပါ။
မန်ယူရဲ့ နည်းပြနေရာမှာ ဆိုးလ်ရှားကို ထုတ်ပြီး အခြားနာမည်ကြီးနည်းပြတစ်ဦးကို ခန့်အပ်ဖို့ဆိုတဲ့ သတင်းဟာ အခုကာလမှာ ခေါင်းကြီးသတင်းတွေအဖြစ် ထွက်ပေါ်နေပေမယ့် ဘာမှ သေချာရေရာမှုမရှိသေးပါဘူး။
ဒါပေမဲ့ ဆိုးလ်ရှားမန်ယူအသင်းမှာ ဆက်ရှိမယ်ဆိုတဲ့ မဲကတော့ အတော်လေး နည်းလာခဲ့ပါတယ်။ ဒီအခြေအနေပေါ်မှာ MMA ဖိုက်တာ မက်ဂရီဂေါ်က ဆိုးလ်ရှားကို ထုတ်ပယ်ပစ်လိုက်ဖို့ မလိုလားပေမယ့် ဆိုးလ်ရှားဟာ သူ့အသင်းအတွက် ပြောင်းလဲမှုတွေကို အမြန်ဆုံးလုပ်သင့်ပြီလို့ သူက ပြောခဲ့တာပါ။
မက်ဂရီဂေါ်က “ယူနိုက်တက်မှာ အဓိက ပြဿနာက လူငယ်တွေက အချင်းချင်း စကားတွေပဲပြောနေတာပဲတွေ့တယ်”လို့ သူက ပြောပါတယ်။
သူဟာ နည်းပြပြီးရင် အသင်းကို ပဲ့ကိုင်နိုင်မယ့် ဝါရင့်ခေါင်းဆောင်တစ်ဦးကို အလိုရှိနေတာဖြစ်သလို လူငယ်တွေကို ထိန်းသိမ်းပြီး ကွင်းအတွင်းမှာ ကစားနေတဲ့ ပွဲစဉ်ကို အာရုံစိုက်စေလိုတဲ့ သဘောနဲ့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
“အိုလီအပေါ်မှာ ကျွန်တော်ချစ်ခင်လေးစားတယ်။ ဒါပေမဲ့ နည်းတစ်ယောက်အနေနဲ့တော့ အစီအစဉ်ကောင်းတွေချမှတ်လို့ လိုအပ်တယ်”လို့ MMA ဖိုက်တာ မက်ဂရီဂေါ်က ပြောခဲ့တာပါ။
မန်ယူနည်းပြဆိုးလ်ရှားအတွက် နောက်လာမယ့် ပွဲစဉ်တွေဟာ အရေးပါနေပြီး ပွဲကျပ်တွေဟာလည်း ဆက်တိုက်ဆိုသလို ရှိနေပါတယ်။ ရှေ့လာမယ့် သုံးပွဲမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ်၊ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်၊ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားသွားရမှာဖြစ်ပါတယ်။