နည်းပြသစ်ခန့်ဖို့ကို မန်ချက်စတာယူနိုက်တက် အပူတပြင်း ဆောင်ရွက်နေ

၂၆၊ အောက်တိုဘာ ၂၀၂၁။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ်ခန့်အပ်ဖို့ကို အပူတပြင်း ဆောင်ရွက်နေပြီလို့ သိရပါတယ်။ အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်တို့ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က နည်းပြသစ်ခန့်အပ်ဖို့ကိစ္စကို အလေးအနက် ဆွေးနွေးခဲ့ကြတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
Manchester Evening News သတင်းစာကဆိုရင် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးအတွက် လက်ရှိမှာ လုပ်ငန်းခွင်မဝင်ဘဲ အနားယူနေတဲ့ အင်တာမီလန်နည်းပြဟောင်း ကွန်တီနဲ့ ဆွေးနွေးတာတွေရှိနေပြီလို့တောင် ရေးသားနေပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြရာထူးအတွက် အင်တာမီလန်နည်းပြဟောင်း ကွန်တီ၊ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်း၊ လက်စတာနည်းပြ ဘရင်ဒန် ရော့ဒ်ဂျားစ်နဲ့ အေဂျက်နည်းပြ အဲရစ် တင် ဟတ်ဂ်တို့က လျာထားစာရင်းထဲမှာ ပါဝင်နေပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြရာထူးအတွက် ကွန်တီက ရေပန်းအစားဆုံးဖြစ်နေပြီး နှစ်ဉီးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေသာ အဆင်ပြေခဲ့မယ်ဆိုရင် စပါးနဲ့ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာပဲ မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြအပြောင်းအလဲကို မြင်တွေ့ရဖို့ နီးစပ်နေပါတယ်။
နည်းပြ ကွန်တီဟာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို စိတ်ဝင်စားပေမယ့် သူလိုလားတဲ့ တောင်းဆိုချက်တွေကို မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေက လက်ခံပေးမှသာ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။