ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်အာဆီယံနဲ့အတူပူးပေါင်းအဖြေရှာသွားမယ်လို့ NUG ကတိပြု

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အာဆီယံနဲ့ အတူပူးပေါင်း အဖြေရှာသွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကကတိပြုလိုက်ပါတယ်။

ဒီလ၂၆ရက်ကနေ ၂၈ရက်နေ့အထိ ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံအနေနဲ့ ကိုယ်စားပြုတက်ရောက်ဖို့ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ကိုယ်စားလှယ်ကို သာ ဖိတ် ကြား မယ်လို့အာဆီယံကဆုံးဖြတ်လိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုတဲ့ အကြောင်း ယမန်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အဲဒီလို ထည့်သွင်းဖော်ပြခဲ့တာပါ။

မြန်မာပြည်သူတို့မကြုံဖူးတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ကို အာဆီယံကစတင်လိုက်ပြီလို့ လည်းအမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

‘အာဆီယံကရော အခုNUG ကရော အာဆီယံထိပ်သီးနဲ့ပတ်သက်ပြီးထုတ်ပြန်တာကျတော့ သံတမန်ဆန်ဆန် ယဉ်ယဉ်ကျေးကျေးထုတ်ပြန်ကြတာပေါ့။သံတမန်မဆန်ဘဲ တည့်တည့်ပြောရရင် အာဆီယံက ထိပ်သီးအစည်း အဝေးကို မင်းအောင်လှိုင်ကိုတက်ခွင့်မပေးဘူး။အဲဒီဆုံးဖြတ်ချက်ကို NUG က ကြိုဆိုပါတယ်ပေါ့။ဒီဆုံးဖြတ်ချက်ကို NUG တင်မကဘူး၊မြန်မာပြည်သူတွေရော နိုင်ငံတကာအသိုင်းအဝိုင်းကရော ကြိုဆိုကြတာပါ’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို စစ်အုပ်စုက အကောင်အထည်ဖော်နိုင်ခြင်း လုံးဝ မရှိကြောင်းအာဆီယံအနေနဲ့ သိရှိသဘောပေါက်တာကိုလည်း NUG အနေနဲ့ကြိုဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ အာဆီယံရဲ့ အခြေခံမူတွေအပေါ် အခွင့်ကောင်းယူ အလွဲသုံးစားလုပ်နေပြီးအဲဒီလုပ်ရပ် ဟာ စစ်အုပ်စုအနေနဲ့ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်ရုံသာမက အာဆီယံရဲ့ ဦးဆောင်ဦးရွက်ပြုမှုကိုပါ အများအယုံအကြည်မဲ့အောင် ပြုလုပ်လိုက်တာလို့လည်းဆိုပါတယ်။

ထိပ်သီးအစည်းအဝေးတက်ဖို့ အာဆီယံ ရွေးချယ်ဖိတ်ခေါ် လိုက်တဲ့မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ တို့ အကျိုးနဲ့ဆန္ဒကို လိုလား ကိုယ်စားပြုသူသာ ဖြစ်သင့်ပြီး

အာဆီယံက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ကိုယ်စားလှယ်ရွေးချယ်နိုင်ရေးအတွက် အကြုံပြုချက်တွေပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အဆင်သင့်ရှိတဲ့အကြောင်းလည်း ထုတ်ပြန် ထားပါတယ်။