စစ်မှုထမ်း အတင်းမခေါ်ဖို့နဲ့ ငွေတောင်းတာတွေမလုပ်ဖို့ အဖွဲ့ဥက္ကဌကိုယ်တိုင် သူ့လူတွေ မှာကြားနေရ

“စစ်မှုထမ်းကြေးပေးလို့ ထမင်းငတ်တဲ့သူတွေတောင် ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေတွေကတော့ အဲဒီ ဒုက္ခမကြုံရဘူး”

၂၈၊ နိုဝင်ဘာ။

စစ်မှုထမ်း ဆင့်ခေါ်တဲ့အခါ အဓမ္မဆင့်ခေါ်တာနဲ့ ငွေကြေးတောင်းခံတာတွေ မဖြစ်စေဖို့ ကြပ်မတ် ဆောင်ရွက်ကြဖို့ နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်က စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ  အဖွဲ့ဥက္ကဌလည်းဖြစ်သလို ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

စစ်မှုထမ်း အများဆုံး စုဆောင်းခံနေရတဲ့ နေရာတွေထဲက တခုဖြစ်တဲ့ ဧရာဝတီတိုင်းမှာတော့ စီးပွားရေးကြပ်တည်းနေတဲ့ ကြားက စစ်မှုထမ်းကြေး လစဉ်ပေးနေရတဲ့အတွက် ဒေသခံတွေဟာ ဒုက္ခပေါ် ဒုက္ခဆင့်နေကြရတာပါ။

“စစ်ဗိုလ်တွေ၊ ဗိုလ်မှူးတွေကိုယ်တိုင် ဝေစုယူပြီးတော့ ပိုက်ဆံတောင်းစားနေကြတာ ဘယ်လိုတားမလဲ။ ဘယ်လိုမှ တားလို့မရဘူး။ အရေးယူမှာလည်း မဟုတ်ဘူး၊ လျှာမှာ အရိုးမရှိမတိုင်း လျှောက်ပြောနေတာ” လို့ လစဉ်စစ်မှုထမ်း ကြေးငွေကျပ်သိန်းဂဏန်းပေးနေရတဲ့ ဧရာ၀တီတိုင်း အင်္ဂပူမြို့နယ်မှ ကိုယ်တိုင် စစ်မှုထမ်းကြေး ပေးနေရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်း အတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတို့ကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေ ကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

စစ်မှုထမ်းခေါ်တဲ့အခါ ဥပဒေ၊ နည်းဥပဒေအတိုင်းဖြစ်စေရေး အတင်းအဓမ္မဆင့်ခေါ်တာ၊ ငွေကြေးတောင်းခံတာ တွေ မဖြစ်စေဖို့ အလေးထားကြပ်မတ်ဖို့လိုကြောင်း၊ ကျူးလွန် ဖောက်ဖျက်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့တော့ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က သူ့လူတွေကို ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တိုင်း၊ ကျေးရွာတိုင်းအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသအားလုံးနီးပါးမှာ စစ်မှုထမ်းကြေးအဖြစ် လစဉ် ငွေကျပ်ငါးသောင်းကနေ တသိန်းကျော်ထိ ပေးနေကြရတာ ဖြစ်ပါတယ်။ ဧရာ၀တီ တိုင်းဟာ စစ်မှုထမ်းကြေးအများဆုံးပေးရတဲ့ ဒေသတခုဖြစ်ပြီး တိုင်းမြို့တော် ပုသိမ်မြို့ပေါ်မှာပါ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကိုယ်တိုင် ဦးစီးပြီး စစ်မှုထမ်းကြေး ပေါ်ပေါ်ထင်ထင် ကောက်ခံနေကြတာပါ။

“စစ်မှုထမ်းကြေးပေးလို့ ထမင်းငတ်တဲ့သူတွေတောင် ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေတွေကတော့ အဲဒီ ဒုက္ခမကြုံရဘူး” လို့ ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို စစ်မှုထမ်းကြေး ကောက်တာဟာ ဥပဒေအရ ကောက်တာလည်း မဟုတ်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်မှာ တင်ပြပြီး စစ်မှုထမ်းကြေးကောက်တဲ့ ကိစ္စကို ပပျောက်အောင် လုပ်သင့်တယ်လို့ ဒေသ ခံတွေက ထောက်ပြကြပါတယ်။

ဒါပေမယ့် အခုအချိန်ထိ ဧရာ၀တီတိုင်း လွှတ်တော်ထဲမှာ စစ်မှုထမ်းကိစ္စ မေးခွန်းမေးမြန်း၊ အဆိုတင်သွင်းတာ မတွေ့ရသေးပါဘူး။

စစ်မှုထမ်းကြေး ဆိုတာဟာ စစ်ကော်မရှင်က ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမယ့် အသက်အရွယ် ရှိနေသူတွေ စစ်မှုမထမ်းလိုတဲ့အခါ ပေးရတဲ့ လစဉ်ကြေးဖြစ်ပြီး စစ်မှုထမ်း လိုက်ပါမယ့် သူတွေကို ငှားရမ်းဖို့အတွက် ကောက်ခံတဲ့ ငွေကြေးဖြစ်ပြီး ကောက်ခံရရှိငွေထဲက ပိုငွေတွေဟာ ခရိုင်၊မြို့နယ်၊ ကျေးလက် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နယ်မြေခံ စစ်တပ်အရာရှိတွေ အိတ်ကပ်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။

အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားသို့ ပွဲစားတွေဆီကတဆင့် ထွက် သွားကြရပြီး လမ်းခုလတ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။