
“စည်ပင်အမှိုက်ကားတောင် မှန်မှန်လာအောင် မလုပ်ပေးနိုင်ပဲ နဲ့ အတင်းလိုက် လုပ်ယူနေတာ ”
၂၈ ၊ နိုဝင်ဘာ
မြက်၊ချုံနွယ်တွေ ထူထပ်ပေါက်နေတဲ့ မြေကွက်တွေဟာ မြို့အင်္ဂါရပ်ကို ထိခိုက်စေတယ်ဆိုပြီး ခုတ်ထွင်ရှင်းလင်းရမယ်လို့ ပဲခူးတိုင်း စည်ပင်က အမိန့်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
”အချိန်သတ်မှတ်ချက်တော့ ပေးထားတယ် မကြားဘူး။ အမိန့်ထုတ်ထားတာတော့ ဟုတ်တယ်။ ဖော်ရိူးအမိန့် ဆိုပြီးတော့လည်း မြို့ခံတွေက ပြောနေကြတာပဲ”လို့ ပဲခူးမြို့မှ လူမှုကူညီရေး အသင်းအဖွဲ့မှာ ဦးစီးပါဝင်နေသူ တဦးက ပြောပါတယ်။
အဲဒီလို လူနေထိုင်တာ မရှိတဲ့ မြေကွက်၊ခြံဝင်းတွေမှာ ခြုံနွယ်၊ထူထပ် ပေါက်ရောက်နေတာကို ရှင်းလင်းဖို့ အရင်လက ရန်ကုန်မှာ သတိပေးချက်ထုတ်ခဲ့အပြီး အခုပဲခူးမြို့မှာပါ လိုက်ပါလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ရန်ကုန်မှာ အဲဒီလို အမြင်မတင့်တယ်တဲ့ ခြံဝင်းတွေကို ပိုင်ရှင် ဒါမှမဟုတ် တာဝန်ခံက ရှင်းလင်းဆောင်ရွက်ဖို့နဲ့ ကိုယ်တိုင်မလုပ်နိုင်ရင် စည်ပင်အဖွဲ့က ဝင်ရှင်းမှာဖြစ်ပြီး ကျသင့်ကုန်ကျစရိတ် ပြန်ပေးသွင်းရမယ်လို့ ဆိုထားပါတယ်။
ပဲခူးမြို့မှာတော့ လူနေထိုင်တဲ့ မြေကွက်တွေနဲ့ လူမနေတဲ့ မြေကွက်၊ မြေကွက်ရဲ့ မျက်နှာစာ ခြံစည်းရိုးနဲ့ လမ်းနယ်နိမိတ်ကြားက အမြင်မတင့်တယ်တဲ့ မြက်၊ ချုံနွယ်ပိတ်ပေါင်းတွေကို ပိုင်ရှင်/ သက်ဆိုင်ရာ တာဝန်ရှိသူဖက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှင်းလင်းဖယ်ရှားရမယ်လို့ သတိပေး ထားပါတယ်။
“စည်ပင်အမှိုက်ကားတောင် မှန်မှန်လာအောင် မလုပ်ပေးနိုင်ပဲ နဲ့ အတင်းလိုက် လုပ်ယူနေတာ ” လို့ ပဲခူးမြို့ ကလျာဏီရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
ပဲခူးစည်ပင်ကတော့ ပွင့်လင်းရာသီ ရောက်လာတဲ့အအပြင် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ လိုအပ်လာတဲ့အတွက် အခုလို အမိန့်ထုတ်ရတာလို့ ဆိုသလို ပူးပေါင်းလိုက်နာ ဆောင်ရွက်ဖို့ အသိပေးထားပါတယ်။