အမေရိကန်မှာ အားကောင်းတဲ့ မုန်တိုင်းကြောင့် လူသိန်းနဲ့ချီ လျှပ်စစ်မီး ပြတ်တောက်နေ

မီးပြတ်တောက်မှု ဖြစ်ပွားတဲ့ နေအိမ်အရေအတွက်ဟာ ကြာသပတေးနေ့ညက တသန်းနီးပါးအထိ အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးနီးယား၊ မေရီလန်းနဲ့ နယူးဂျာစီ ပြည်နယ်တွေ အဆိုးရွားဆုံး ထိခိုက်ခဲ့ပါတယ်။

 

၂၈၊ နိုဝင်ဘာ။

 

ကျေးဇူးတော်ချီးမွမ်းခြင်း အားလပ်ရက်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ကမ်းရိုးတန်းနှစ်ဘက်စလုံးကို ဆိုးရွားလှတဲ့ ရာသီဥတု အခြေအနေတွေ သက်ရောက်ပြီးနောက် လူပေါင်း၂၆၀,၀၀၀ ကျော်ဟာ လျှပ်စစ်မီး မရရှိသေးဘဲ ဖြစ်နေပါတယ်။

 

အရှေ့ပိုင်းဒေသတွေဟာ လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ကမ်းရိုးတန်းရေကြီးမှုတွေကို ယူဆောင်လာတဲ့ အားကောင်းတဲ့ မုန်တိုင်းဒဏ်ကို ကြာသပတေးနေ့ကပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။

 

လျှပ်စစ်မီးပြတ်တောက်မှု စောင့်ကြည့်ရေး ဝက်ဘ်ဆိုက် Poweroutage.us ရဲ့ အဆိုအရသောကြာနေ့ အစောပိုင်းအထိ ပင်ဆယ်ဗေးနီးယားပြည်နယ်ဟာ မီးပြတ်တောက်မှုဒဏ်ကိုအဆိုးရွားဆုံး ခံစားနေရဆဲ ဖြစ်ပါတယ်။

 

အခုချိန်မှာတော့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်ပေမဲ့ အချိန်အတိုင်းအတာတခုအထိ ယူရဦးမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။ အနောက်ဘက် ကမ်းရိုးတန်းဒေသမှာလည်း အပိုင်းလိုက် မုန်တိုင်းဒဏ်တွေ ခံခဲ့ရပါတယ်။

 

သောကြာနေ့မှာလည်း အမေရိကန် ပြည်တွင်း အဝင်၊ အထွက် လေယာဉ်ခရီးစဉ်ပေါင်း ၃,၄၀၀ကျော် နှောင့်နှေးကြန့်ကြာခဲ့ပြီး ခရီးစဉ်ပေါင်း ၆၇၀ နီးပါး ဖျက်သိမ်းခဲ့ရပါတယ်။

 

Flightaware.com ရဲ့ အချက်အလက်တွေအရ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့တုန်းကလည်းအမေရိကန် လေယာဉ်ခရီးစဉ် ၂,၅၀၀ ကျော် နှောင့်နှေးခဲ့ပြီး ၄၅၀ ကျော် ဖျက်သိမ်းခဲ့ရပါတယ်။

 

ခရီးသွားလာရေး အနှောင့်အယှက်တွေအပြင် အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်မှာထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကအရေးပေါ် ရန်ပုံငွေတွေ ထုတ်ပေးဖို့ စဉ်းစားသွားမယ်လို့ ပြောကြားပါတယ်။

 

မေရီလန်းပြည်နယ်မှာ လေပြင်းတွေကြောင့် တံတားတွေ ပိတ်ထားခဲ့ရသလို ဒယ်လာဝဲယားပြည်နယ်မှာလည်း လှိုင်းလုံးကြီးတွေ ကမ်းခြေကို ရိုက်ခတ်ပြီး လူသွားလမ်းတွေပေါ်အထိရေတွေ စိမ့်ဝင်လာခဲ့ပါတယ်။

 

ဝါရှင်တန်မြို့ရဲ့ စံချိန်တင် မိုးအရွာဆုံး ကျေးဇူးတော်ချီးမွမ်းခြင်းနေ့မှာ ဒီရေတွေ မြင့်တက်လာပြီး ရေဂင်ဝါရှင်တန် အမျိုးသားလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းတွေ ရေလွှမ်းမိုးသွားခဲ့ပါတယ်။

 

ကြာသပတေးနေ့ညနဲ့ သောကြာနေ့ကြား ညတွင်းချင်းမှာပဲ နယူးယောက် အပါအဝင်ပြည်နယ်တချို့ရဲ့ ဒေသအစိတ်အပိုင်းတွေမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။

 

အမျိုးသား မိုးလေဝသဌာန (NWS) ရဲ့ ကနဦး အချက်အလက်တွေအရ နယူးယောက်မြို့ရဲ့အထင်ကရ စင်ထရယ်ပန်းခြံမှာ မိုးရေချိန် နှစ်လက်မ (ငါးစင်တီမီတာ) နီးပါး ရွာသွန်းခဲ့တာကြောင့် အဆိုပါ နေရာအတွက်လည်း စံချိန်တင် မိုးအရွာဆုံးနေ့ဖြစ်ခဲ့ပါတယ်။

 

နယူးဂျာစီပြည်နယ်မှာလည်း လမ်းတွေနဲ့ တံတားတွေ ပိတ်ထားရတဲ့ သတင်းတွေ အများအပြား ထွက်ပေါ်ခဲ့သလို မြို့တွင်းလမ်းမတွေပေါ် ရေကြီးရေလျှံနေတဲ့ ဓာတ်ပုံတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

နယူးဂျာစီပြည်နယ်ရဲ့ ဒေသတချို့မှာ ကမ်းရိုးတန်း ရေကြီးမှု သတိပေးချက်တွေကိုသောကြာနေ့ ညနေပိုင်းအထိ ဆက်လက်ထုတ်ပြန်ထားခဲ့ပါတယ်။

 

နယူးဂျာစီပြည်နယ်၊ အိုးရှင်းစီးတီးအခြေစိုက် ဘလော့ဂါတဦးက သူ့ရဲ့ ခါးအထက်အထိရောက်နေတဲ့ ရေတွေထဲ လမ်းလျှောက်ဖြတ်သန်းရင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ “ဒါက တကယ့်ကို အရိုင်းဆန်လွန်းတယ်” လို့ ပြောဆိုခဲ့ပါတယ်။

 

သောကြာနေ့ မွန်းလွဲပိုင်းအထိ အိမ်ထောင်စုပေါင်း ၃၆၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ဆက်လက်သတင်းပို့ခဲ့ကြပါတယ်။ သောကြာနေ့ ညနေပိုင်းမှာတော့အဆိုပါ အရေအတွက်ဟာ ၂၆၀,၀၀၀ ကျော်အထိ လျော့ကျသွားခဲ့ပါတယ်။

 

မီးပြတ်တောက်မှု ဖြစ်ပွားတဲ့ နေအိမ်အရေအတွက်ဟာ ကြာသပတေးနေ့ညက တသန်းနီးပါးအထိ အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးနီးယား၊ မေရီလန်းနဲ့ နယူးဂျာစီ ပြည်နယ်တွေ အဆိုးရွားဆုံး ထိခိုက်ခဲ့ပါတယ်။

 

အမေရိကန် မော်တော်ယာဉ်အသင်း (AAA) ကတော့ ကျေးဇူးတော်ချီးမွမ်းခြင်း အားလပ်ရက် ခုနစ်ရက်တာ ကာလအတွင်း အမေရိကန်နိုင်ငံသား ၈၁.၅ သန်းဟာ နေအိမ်ကနေအနည်းဆုံး မိုင် ၅၀ (၈၀ ကီလိုမီတာ) အကွာအဝေးအထိ ခရီးသွားလာကြလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။

 

ကိုးကား -BBC