အမေရိကန်လေတပ်ရဲ့ ကွန်ပျူတာာစနစ်တခုကို ဟက်ကာတွေ ဖောက်ထွင်းဝင်ရောက်

အခုလို ဖောက်ထွင်းခံရတဲ့ သတင်းဟာ အေအိုင် နည်းပညာသုံး ဆိုက်ဘာကျူးကျော်မှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

၂၈၊ နိုဝင်ဘာ။

 

အမေရိကန်လေတပ်ရဲ့ အဓိက ဆာဗာဝန်ဆောင်မှုစနစ်တခုကို ဟက်ကာတွေ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါ အကြောင်းအရာနဲ့ နီးစပ်သူ သုံးဦးက Reuters သတင်းဌာနကို ပြောပါတယ်။

 

အဆိုပါ ဖြစ်ရပ်ကြောင့် အရေးကြီးတဲ့ စစ်ရေးနည်းဗျူဟာပိုင်း၊ တပ်ဖွဲ့ဝင်ဆိုင်ရာနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်အလက် အများအပြား အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။

 

Cloud One စနစ်ထဲ ကျူးကျော် ဝင်ရောက်ခံရတာကို ပြီးခဲ့တဲ့ တလဝန်းကျင်လောက်က စနစ်အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ်အတွင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီပြဿနာကြောင့် စနစ်တခုလုံးမှာ လုပ်ငန်းလည်ပတ်မှု အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ အဆိုပါ သတင်းရင်းမြစ်တွေထဲက နှစ်ဦးက ပြောပါတယ်။

 

ဟက်ကာတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ကျူးကျော်မှု အတိုင်းအတာ အပြည့်အစုံအပြင် အချက်အလက်တွေ ခိုးယူခံရတာ ရှိ၊ မရှိကိုတော့ Reuters အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

 

Reuters သတင်းဌာနကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်လေတပ်က “သီးခြားကွန်ရက်တွေနဲ့ စနစ်တွေရဲ့ လုံခြုံရေးအခြေအနေ၊ အားနည်းချက်တွေ ဒါမှမဟုတ် လုပ်ငန်းလည်ပတ်မှု အခြေအနေတွေအပေါ် မှတ်ချက်ပေးလေ့ မရှိပါဘူး။ လေတပ်ဌာနရဲ့ သတင်းအချက်အလက်တွေ၊ စနစ်တွေနဲ့ စစ်ဆင်ရေးစွမ်းဆောင်ရည်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့အစီအမံတွေကို စဉ်ဆက်မပြတ် သတိကြီးစွာ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

 

၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ Cloud One စနစ်ဟာ လေတပ်ရဲ့ နည်းပညာလိုအပ်ချက်အားလုံးကို တနေရာတည်းမှာ အပြည့်အစုံ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

 

Microsoft၊ Amazon၊ Oracle နဲ့ Alphabet ဆိုတဲ့ နည်းပညာကုမ္ပဏီကြီး လေးခုရဲ့ အရင်းအမြစ်တွေကို ပေါင်းစပ်ထားပြီး တပ်ဖွဲ့ဝင်အချက်အလက်နဲ့ လစာပေးချေမှု စီမံခန့်ခွဲတာကနေထောက်ပံ့ပို့ဆောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအထိ ပါဝင်တဲ့ အက်ပလီကေးရှင်းပေါင်းမြောက်မြားစွာကို မောင်းနှင်ပေးနေတာ ဖြစ်ပါတယ်။

 

 

အဲဒီအထဲမှာ မြောက်အမေရိကတဝန်းက လေကြောင်းရန်ကာကွယ်ရေး ရေဒါတွေနဲ့ တခြားအချက်အလက်တွေကို စုစည်းပေးတဲ့ လေတပ်ရဲ့ Cloud အခြေပြု ကွပ်ကဲထိန်းချုပ်မှုစနစ်နဲ့ကမ္ဘာတဝန်းရှိ အမေရိကန်လေတပ်စခန်းပေါင်း ၂၀၀ ကျော်က ဗုံးတွေနဲ့ ဒုံးကျည်တွေကို ခြေရာခံစောင့်ကြည့်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။

 

 

၂၀၂၅ ခုနှစ်မှာ Leidos ကုမ္ပဏီက လွှဲပြောင်းမယူခင်အထိ SAIC ကုမ္ပဏီဟာ Cloud One ရဲ့အဓိက ကန်ထရိုက်တာ ဖြစ်ခဲ့ပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို SAIC ဘက်ကအကြောင်းမပြန်ခဲ့သလို Leidos ကတော့ မေးခွန်းတွေကို လေတပ်ဆီပဲ လွှဲပြောင်းမေးမြန်းဖို့ပြောပါတယ်။

 

သတင်းရင်းမြစ် နှစ်ဦးရဲ့ အဆိုအရ Cloud One ဟာ အမေရိကန်စစ်တပ်ရဲ့ အကြီးမားဆုံး cloud စနစ်တွေထဲက တခုဖြစ်ပါတယ်။ “ဒီစနစ် ဖောက်ထွင်းခံရတာဟာ တကယ့်ကို ကြီးမားတဲ့ပြဿနာတခုပါပဲ” လို့ သတင်းရင်းမြစ် တဦးက ပြောပါတယ်။

 

ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အကဲဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးသူတွေဟာ အမေရိကန်စစ်တပ်ရဲ့ ဆိုက်ဘာတပ်ဖွဲ့ဖြစ်တဲ့ Cyber Command ကို အကူအညီ ခေါ်ယူထားတယ်လို့ သတင်းရင်းမြစ် တဦးက ပြောပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကိုတော့ Cyber Command ဘက်က အကြောင်းမပြန်ခဲ့ပါဘူး။

 

ဆိုက်ဘာတိုက်ခိုက်ခံရမှုကို တွေ့ရှိပြီးနောက်ပိုင်း လုပ်ငန်းပိုင်းဆိုင်ရာ အနှောင့်အယှက် အမျိုးမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ကာလရှည် ဦးစားပေးလုပ်ငန်းစဉ် တခုဖြစ်တဲ့ ရုံးပိုင်းဆိုင်ရာအက်ပလီကေးရှင်းတွေကို Cloud One စနစ်ဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေမှုတွေကို ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

 

အခုလို ဖောက်ထွင်းခံရတဲ့ သတင်းဟာ အေအိုင် နည်းပညာသုံး ဆိုက်ဘာကျူးကျော်မှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

အေအိုင် မော်ဒယ်တွေဟာ ကျယ်ပြန့်တဲ့ ကွန်ရက်ဧရိယာတွေပေါ်က အားနည်းချက်တွေကို လျင်လျင်မြန်မြန် ရှာဖွေဖော်ထုတ်နိုင်စွမ်း ရှိတာကြောင့် Cloud အခြေပြု ကွန်ရက်တွေအတွက် အထူးစိုးရိမ်စရာ ပြဿနာတခု ဖြစ်နေတာပါ။

 

ကိုးကား – Reuters