
“သူငယ်ချင်း တယောက် ဖုန်းစျေးအချောင်နဲ့ ရလို့ဆိုပြီး ဝယ်လာတာ။ သိပ်မကြာဘူး။ လိုင်းပိတ်ခံရတယ်။ စစ်ကြည့်လိုက်မှ အခွန်ရှောင်ဖုန်း ဖြစ်နေမှန်း သိရတာ ၊ပြန်ပြောတော့ သူတို့ အဲဒီအခွန်ကိစ္စ ထည့်ပြောရောင်းတာ မဟုတ်ဘူးဆိုပြီး ခေါင်းရှောင်သွားတယ်”
၂၅၊နိုဝင်ဘာ
Central Equipment Identity Register (ဗဟို စက်ပစ္စည်း မှတ်ပုံတင်စနစ်) နဲ့ အခွန်ဆောင် မထားတဲ့ IMEI (International Mobile Equipment Identity) နံပါတ် မရှိတဲ့ ဖုန်းတွေကို ဆောင်ရောင်းဈေးထက် လျှော့ရောင်းနေတာတွေ ရန်ကုန်မြို့ ဈေးကွက်ထဲမှာ ရှိနေပါတယ်။
“ဖုန်းအသစ်ကိုပဲ စျေးသက်သာလို့ဆိုပြီး ဝယ်ကြတာ။ အခွန်အခ မပါတော့ သက်သာတာပေါ့။ ပြီးကာမှ အော်ပရေတာတွေက သုံးစွဲခွင့် ပိတ်လိုက်လို့၊ ပိုက်မိတဲ့ အဖြစ်တွေ ရှိလာတာ”လို့ သင်္ဃန်းကျွန်း မြို့နယ်မှ ဖုန်းဝယ်ရောင်းလုပ်သူ တဦးက ပြောပါတယ်။
အဲဒီလို အခွန်မဲ့ဖုန်းတွေကို Second ဖုန်းရောင်းသူတွေနဲ့ ဆိုင်မဖွင့်ထားပဲ အလွတ်ရောင်းချသူတွေက အပြင်ပေါက်စျေးထက် သုံးချိုးနှစ်ချိုးလောက်ပဲ ကျတဲ့စျေးနူန်းနဲ့ တပတ်ရိုက် ထိုးရောင်းနေကြတာလို့ ဆိုပါတယ်။
“သူငယ်ချင်း တယောက် ဖုန်းစျေးအချောင်နဲ့ ရလို့ဆိုပြီး ဝယ်လာတာ။ သိပ်မကြာဘူး။ လိုင်းပိတ်ခံရတယ်။ စစ်ကြည့်လိုက်မှ အခွန်ရှောင်ဖုန်း ဖြစ်နေမှန်း သိရတာ ၊ပြန်ပြောတော့ သူတို့ အဲဒီအခွန်ကိစ္စ ထည့်ပြောရောင်းတာ မဟုတ်ဘူးဆိုပြီး ခေါင်းရှောင်သွားတယ်” လို့ ဒေါပုံမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။
စစ်အစိုးရက လက်ကိုင်ဖုန်းတွေကို အခွန်ပေးဆောင်စေတဲ့ စနစ်နဲ့ ဆက်သွယ်ရေး အော်ပရေတာ တွေကတဆင့် IMEI နံပါတ် မှတ်ပုံတင်စေပြီး ထိန်းချုပ်တဲ့ စနစ်ကို ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေက အခွန်ဆောင် တင်သွင်းထားတဲ့ လက်ကိုင်ဖုန်းကို ကျသင့်ငွေတန်ဖိုး နဲ့ ဝယ်ယူအသုံးပြုနိုင်ပေမယ့် သီးခြားခိုးသွင်းတဲ့ ဖုန်းတွေနဲ့ ပြည်ပမှာ ဝယ်ယူအသုံးပြုခဲ့တဲ့ ဖုန်းတွေမှာ သတ်မှတ်အခွန်နဲ့ ဒါဏ်ကြေးပေးသွင်းမှ အသုံးပြုလို့ ရနိုင်မယ်ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
တရားဝင် တင်သွင်းထားတဲ့ ဖုန်းမဟုတ်ရင် ဝယ်သူသုံးစွဲချိန်ကစပြီး ရက် ၃၀ အထိပဲ အသုံးပြုခွင့် ပေးကာ မူလဖုန်းတန်ဖိုးရဲ့ တဝက်ကျော်ကို အခွန်နဲ့ ဒါဏ်ကြေးပေးသွင်းမှ ပြန်သုံးခွင့်ပေးတာကြောင့် ဝယ်ယူထားမိသူတွေ ငွေအပိုကုန်ကျရတဲ့ ဖြစ်ရပ်တွေ ကြုံနေကြရတာလို့ အဲဒီလုပ်ငန်းပိုင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။