
အဆိုပါ ဂြိုဟ်တုကို အရေးပါတဲ့ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေး ဂြိုဟ်တုတွေ အပါအဝင် တခြားဂြိုဟ်တုတွေကို အနှောင့်အယှက်ပေးဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့အတွက် အသုံးပြုနိုင်ခြေ ရှိပါတယ်။
၂၄၊ နိုဝင်ဘာ။
အာကာသထဲကို နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ဂြိုဟ်တုတစင်း လွှတ်တင်ဖို့ ရုရှားက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မဟာမိတ်အဖွဲ့အနေနဲ့ အာကာသအတွင်းက ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ကာကွယ်သွားမယ်လို့ နေတိုးအကြီးအကဲ မာ့ခ်ရုတေးက ပြောကြားလိုက်ပါတယ်။
လာမယ့် ရက်ပေါင်း ၆၀ အတွင်း ဂြိုဟ်တု လွှတ်တင်နိုင်ခြေရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ဒီလအတွင်းမှာပဲ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကြား မျှဝေခဲ့ကြတယ်လို့ ဂျာမန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါ အစီရင်ခံစာတွေကို ဘယ်နိုင်ငံက ရေးသားပြုစုခဲ့သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ရုတေးက “နေတိုးနယ်မြေရဲ့ တလက်မချင်းစီတိုင်းကို ကျတော်တို့ အမြဲတမ်း ကာကွယ်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အာကာသပိုင်းဆိုင်ရာ ကဏ္ဍမှာပါ ကျတော်တို့ ဘေးကင်းလုံခြုံမှု ရှိစေဖို့ လုပ်ဆောင်တာတွေ ပါဝင်ပါတယ်” လို့ ပြောပါတယ်။
ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပက်စ်ကော့ဗ်ကတော့ နောက်ဆုံးထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေကို မတွေ့ရသေးပေမဲ့ အမည်မသိ သတင်းရင်းမြစ်တွေကို ကိုးကားထားတဲ့ သတင်းတွေဟာ အလေးအနက်ထား စဉ်းစားဖို့တောင် မတန်ဘူးဆိုပြီး ပယ်ချထားပါတယ်။
ဘာလင်မြို့မှာရှိတဲ့ ရုရှားသံရုံးကလည်း သူတို့အနေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ မှတ်ချက်ပြုပြီး အဆိုပါ သတင်းတွေကို ပယ်ချကြောင်းနဲ့ ဒါတွေဟာ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေကို ပြောထားပါတယ်။
ဘာလင်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နေတိုးအဖွဲ့အနေနဲ့ တုံ့ပြန်နိုင်မဲ့ နည်းလမ်းပေါင်းစုံ ရှိတယ်လို့ ရုတေးက ပြောပါတယ်။
“စစ်ရေးကဏ္ဍနဲ့ ပတ်သက်လာရင် ကျတော်တို့ရဲ့ ဟန့်တားကာကွယ်ရေး စွမ်းရည်တွေကို အမြဲတမ်း သုံးသပ်အကဲဖြတ်နေမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေမှာ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်သွားမှာပါ” လို့ သူက ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဂျာမန်စစ်ဘက်နဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး NDR နဲ့ WDR ရုပ်သံဌာနတွေအပြင် Sueddeutsche Zeitung သတင်းစာတို့ရဲ့ ဖော်ပြချက်အရ အဆိုပါ ရုရှားဂြိုဟ်တုကို Sputnik-S လို့ နာမည်ပေးထားပြီး နျူကလီးယားထိပ်ဖူး တပ်ဆင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ ဂြိုဟ်တုကို အရေးပါတဲ့ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေး ဂြိုဟ်တုတွေ အပါအဝင် တခြားဂြိုဟ်တုတွေကို အနှောင့်အယှက်ပေးဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့အတွက် အသုံးပြုနိုင်ခြေ ရှိပါတယ်။
ဂျာမန်ဝန်ကြီးချုပ် ဖရီးဒရစ်မာ့ဇ်ကတော့ ရုရှားရဲ့ အစီအစဉ် သတင်းတွေကို အတည်မပြုသလို ငြင်းဆိုတာလည်း မလုပ်ခဲ့ပါဘူး။
“အာကာသထဲကို နျူကလီးယားလက်နက်တွေ သွတ်သွင်းဖို့ ရုရှားက စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေဟာ အသစ်အဆန်း မဟုတ်ပေမဲ့ ထိတ်လန့်တုန်လှုပ်စရာ ကောင်းနေတုန်းပါပဲ” လို့ သူက ပြောပါတယ်။
ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း အစောပိုင်းမှာ အဆိုပါ သတင်းတွေကို အတည်မပြုသလို ငြင်းဆိုတာလည်း မလုပ်ခဲ့ပေမဲ့ အစီရင်ခံစာတွေကို အလွန်အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့ ပြောရေးဆိုခွင့်ရှိသူက “ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အလွန်အကျွံ စိုးရိမ်ထိတ်လန့်မှုတွေ မဖြစ်စေဖို့” တော့ သတိပေးခဲ့ပါတယ်။
ဥရောပအာကာသအေဂျင်စီ (ESA) အကြီးအကဲ ဂျိုးဆက်ဖ် အက်ရှ်ဘာချာကတော့ အာကာသထဲမှာ နျူကလီးယား လက်နက်တွေ ရှိနေတာဟာ “အဆိုးရွားဆုံး အိပ်မက်ဆိုးကြီး တခု” ဖြစ်တယ်လို့ ပြောခဲ့ကြောင်း ဂျာမန်သတင်းစာ Handelsblatt က ဖော်ပြပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ ထားရှိခွင့်ကို တားမြစ်ထားတဲ့ ၁၉၆၇ ခုနှစ် ပြင်ပအာကာသဆိုင်ရာ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း ရုရှားဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ထားတဲ့ အာကာသအခြေစိုက် ဂြိုဟ်တုဖျက် လက်နက်တမျိုးကို တီထွင်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ဖူးပါတယ်။ အဆိုပါ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုခဲ့ပါတယ်။
“ကျတော်တို့ရဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားပြီး ပွင့်လင်းမြင်သာမှု ရှိပါတယ်။ အာကာသထဲမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ချထားတာကို ကျတော်တို့ အမြဲတမ်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သလို အခုလည်း ဆန့်ကျင်နေဆဲပါပဲ” လို့ သမ္မတ ဗလာဒီမာ ပူတင်က အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။
ကိုးကား – BBC