
အဆိုပါ အစီရင်ခံစာအတွင်း နာမည် ဖော်ပြမထားတဲ့ တရားရုံးတခုက မာ ကို သေဒဏ်ချမှတ်ခဲ့ပြီးကိုယ်ပိုင်ပစ္စည်းအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
၂၄၊ နိုဝင်ဘာ။
ပြည်ပနိုင်ငံတခုကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားစေခဲ့မှုနဲ့ ဗဟိုအစိုးရယန္တရားအတွင်းက အရာရှိတဦးကို တရုတ်နိုင်ငံက သေဒဏ်ချမှတ်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာနဲ့ ဆက်နွှယ်တဲ့ လူမှုကွန်ရက်အကောင့်တခုက နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံတော်လျှို့ဝှက်ချက် ကာကွယ်ရေး အမျိုးသားစီမံခန့်ခွဲမှုဌာနက ကြီးကြပ်တဲ့ Baomiguan အကောင့်ရဲ့ ဖော်ပြချက်အရ မာ လို့ မျိုးရိုးနာမည်တခုတည်းနဲ့သာ ဖော်ပြထားတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိတဦးဟာ ပြည်ပမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပြည်ပသူလျှိုအေဂျင်စီတခုရဲ့ စည်းရုံးသိမ်းသွင်းတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကို ပြန်ရောက်ပြီးနောက် မာ ဟာ သူ့ကို ကြိုးကိုင်ညွှန်ကြားသူရဲ့ စေခိုင်းချက်အရ ကာလရှည်လျှို့ဝှက်လှုပ်ရှားမှုအတွင်း နိုင်ငံတော်လျှို့ဝှက်ချက်တွေအပါအဝင် ထောက်လှမ်းရေးအစီရင်ခံစာပေါင်း ၁၀၀ ကျော်ကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး သူဟာ ယွမ်ငွေ တသန်းကျော် (အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀) လက်ခံရရှိခဲ့တယ်လို့ အဆိုပါပို့စ်မှာ ဖော်ပြထားပါတယ်။
အဆိုပါအမှုအကြောင်းဟာ တနင်္လာနေ့မနက်ပိုင်းမှာ တရုတ်လူမှုကွန်ရက်ပလက်ဖောင်း Weibo ပေါ်မှာ လူပြောအများဆုံး ထိပ်တန်းအကြောင်းအရာတခု ဖြစ်ခဲ့ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့နဲ့ တရုတ်နိုင်ငံရဲ့ အဓိက ထောက်လှမ်းရေးနဲ့ တန်ပြန်သူလျှိုလုပ်ငန်းဆိုင်ရာ အေဂျင်စီဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) တို့ဟာ အရာရှိတွေအနေနဲ့သတင်းပေးတွေ ဒါမှမဟုတ် သူလျှိုတွေ ဖြစ်မသွားစေဖို့ တပ်လှန့်တဲ့အနေနဲ့ မကြာသေးမီနှစ်တွေအတွင်းလူမှုကွန်ရက်မီဒီယာတွေကို ပိုမိုအသုံးပြုလာကြပါတယ်။
MSS က ဖွင့်လှစ်ထားတဲ့ လူသိများတဲ့အကောင့်တခုဟာ ပြည်ပနိုင်ငံတွေအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲခံရတဲ့ အရာရှိတွေရဲ့ အမည်ဝှက်အကြောင်းအရာတွေကို ပုံမှန်ထုတ်ပြန်လေ့ ရှိပါတယ်။
အမှုအများစုဟာ ထောင်ဒဏ်ချမှတ်ခံရလေ့ရှိပြီး အနည်းစုကတော့ သေဒဏ်ချမှတ်ခံရပါတယ်။ အဆိုပါ ပို့စ်တွေကို ပုံမှန်အားဖြင့် အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကြပြီး နိုင်ငံပိုင်မီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေကနေတဆင့် ပိုပြီးလူသိများအောင် လုပ်ဆောင်လေ့ရှိပါတယ်။
အဆိုပါ အစီရင်ခံစာအတွင်း နာမည် ဖော်ပြမထားတဲ့ တရားရုံးတခုက မာ ကို သေဒဏ်ချမှတ်ခဲ့ပြီးကိုယ်ပိုင်ပစ္စည်းအားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
မာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနအဖွဲ့အစည်းနဲ့ ပြည်ပထောက်လှမ်းရေးအေဂျင်စီတို့ ဘယ်သူဘယ်ဝါဆိုတာကိုထုတ်ဖော်ပြောကြားတာ မရှိသလို၊ မာ အနေနဲ့ သူလျှိုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ကြာမြင့်ချိန်၊ သူ့ကို ဖမ်းဆီးခဲ့တဲ့အချိန်နဲ့ စီရင်ချက်ချခဲ့တဲ့အချိန်၊ ဒါမှမဟုတ် ကွပ်မျက်ပြီးပြီလား ဆိုတာတွေကိုလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။
ရင်းနှီးမှုတည်ဆောက်တာ၊ ငွေကြေးမက်လုံးပေးတာနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တာတို့ ပေါင်းစပ်ပြီး ပြည်ပအစိုးရတခုအတွက် သူလျှိုလုပ်ပေးဖို့ မာ ကို သွေးဆောင်ဖြားယောင်းခဲ့တယ်လို့ ပုံဖော်ထားတဲ့ အဆိုပါ အစီရင်ခံစာကို ရိုက်တာသတင်းဌာန အနေနဲ့ သီးခြားအတည် မပြုမနိုင်သေးပါဘူး။
၂၀၂၅ ခုနှစ် နဲ့ ၂၀၂၆ ခုနှစ်တွေမှာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဟာ တရုတ်ဗျူရိုကရေစီယန္တရားနဲ့ စစ်တပ်အတွင်းက သတင်းပေးတွေကို ရှာဖွေစုဆောင်းဖို့အတွက် လုံခြုံစိတ်ချစွာ ဘယ်လိုဆက်သွယ်ရမယ်ဆိုတဲ့ တရုတ်ဘာသာစကား အသေးစိတ်ညွှန်ကြားချက်တွေ ပါဝင်တဲ့ ဗီဒီယိုဖိုင်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဘေဂျင်းအစိုးရကတော့ အဆိုပါ ဗီဒီယိုတွေဟာ တခြားနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်တွေကို ရယူဖို့ CIA ရဲ့ကြိုးပမ်းအားထုတ်မှုတွေအတွက် ငြင်းမရတဲ့ ဝန်ခံချက်တခု ဖြစ်တယ်လို့ အသိပေးထားပါတယ်။
“လျှို့ဝှက်စစ်မျက်နှာပြင်ပေါ်က တိုက်ပွဲဟာ ဘယ်တုန်းကမှ ရပ်တန့်သွားတာ မရှိသလို၊ ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ နည်းလမ်းတွေဟာလည်း ပိုပြီး လှည့်ဖြားမှုဆန်လာပါတယ်” လို့ တနင်္လာနေ့က တင်ခဲ့တဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။
“ကျတော်တို့အနေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို အမြဲမပြတ် သတိရှိနေရမှာဖြစ်ပြီး ပါတီစည်းကမ်းနဲ့ လျှို့ဝှက်ချက်ထိန်းသိမ်းရေး အသိစိတ်ဓာတ်ကို မြှင့်တင်ရပါမယ်။ ကျတော်တို့ရဲ့ လူမှုရေး၊ကိုယ်ရေးကိုယ်တာနဲ့ မိတ်ဆွေအပေါင်းအသင်း အသိုင်းအဝိုင်းတွေကို မလျော်ကန်တဲ့ လွှမ်းမိုးမှုတွေ ကင်းစင်အောင် ထားရှိရမှာဖြစ်သလို၊ လုပ်ငန်းခွင်စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ပစ်မှတ်ထားအမြတ်ထုတ်ခံရတာကနေ ကာကွယ်ရပါမယ်” လို့လည်း ဖော်ပြထားပါတယ်။
ကိုးကား – AFP