
တရုတ်နိုင်ငံမှာ ကင်မ်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ခရီးစဉ်အတွင်း ထရမ့်က ပြောဆိုခဲ့ပေမယ့် ပြန်ခါနီးမှာတော့ အလုပ်များလွန်းလို့ အချိန်မပေးနိုင်ခဲ့တာဖြစ်ပြီး တချိန်ချိန်မှာတော့ သေချာပေါက် တွေ့ဆုံသွားမယ်လို့ အရိပ်အမြွက် ပြောသွားပါတယ်။
၂၁၊ နိုဝင်ဘာ။
အာရှခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ကျောင်းသုံးပစ္စည်း စက်ရုံတွေကို သွားရောက်စစ်ဆေးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒုတိယအကြိမ် သမ္မတရာထူးရကတည်းက ကင်မ်နဲ့ ထပ်မံတွေ့ဆုံဖို့ ထရမ့်ဘက်ကအကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုနေပေမဲ့ ပြုံယမ်းဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာ မရှိဘဲ ပြည်တွင်းရေးရာနဲ့ စစ်ရေးပြင်ဆင်မှုတွေကိုပဲ အာရုံစိုက်ပြသနေတာ ဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားသမ္မတတွေပါဝင်တဲ့ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးအပြီးမှာထရမ့်ဟာ ကင်မ်နဲ့ မတွေ့ဆုံဖြစ်ဘဲ အာရှကနေ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။
တရုတ်နိုင်ငံမှာ ကင်မ်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ခရီးစဉ်အတွင်း ထရမ့်က ပြောဆိုခဲ့ပေမယ့် ပြန်ခါနီးမှာတော့ အလုပ်များလွန်းလို့ အချိန်မပေးနိုင်ခဲ့တာဖြစ်ပြီး တချိန်ချိန်မှာတော့ သေချာပေါက် တွေ့ဆုံသွားမယ်လို့ အရိပ်အမြွက် ပြောသွားပါတယ်။
ပြုံယမ်းဘက်ကတော့ ထရမ့်ရဲ့ ပြောဆိုချက်တွေအပေါ် နှုတ်ဆိတ်နေပြီးသောကြာနေ့က စက်ရုံတွေမှာ ကျောင်းသုံးပရိဘောဂနဲ့ သိပ္ပံစာသင်ခန်းသုံးပစ္စည်းနမူနာတွေကို ကင်မ်အနေနဲ့ စစ်ဆေးကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကိုသာ KCNA သတင်းဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။
သိပ္ပံနဲ့ ပညာရေးဟာ အနာဂတ်မျိုးဆက်သစ်တွေနဲ့ တော်လှန်ရေးအပေါ် ထားရှိတဲ့သဘောထားအမြင်ကို အရှင်းလင်းဆုံး ဖော်ပြချက်ဖြစ်တယ်လို့ ကင်က ပြောခဲ့သလို အခုသီတင်းပတ်အတွင်းမှာပဲ ပက်ဒူတောင်နဲ့ ရေတပ်တက္ကသိုလ်တွေဆီကိုလည်း သွားရောက်ပြီး ရေကြောင်းကာကွယ်ရေး အရေးကြီးပုံကိုအလေးပေး ပြောဆိုခဲ့ပါသေးတယ်။
ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ကင်မ်နဲ့ သုံးကြိမ်တိုင် တွေ့ဆုံခဲ့ပေမဲ့ နျူကလီးယားအရေး သဘောတူညီချက် မရခဲ့ပါဘူး။ လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယားပိုင်ဆိုင်မှုကို ဥပဒေပြဋ္ဌာန်းပြီး နောက်ကြောင်းပြန်လှည့်လို့ မရတော့ကြောင်း ကြေညာထားသလို ပေဂျင်း၊ မော်စကိုတို့နဲ့ ဆက်ဆံရေး ပိုခိုင်မာလာတာကြောင့် ဝါရှင်တန်နဲ့ ပြန်ဆက်ဆံဖို့ မက်လုံးနည်းနေပါတယ်။
ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအကြီးအကျယ် ရှုံးနိမ့်ထားတဲ့ ထရမ့်အတွက်လည်း မြောက်ကိုရီးယားအရေး ကိုင်တွယ်ရတာ ပိုမိုခက်ခဲလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ကိုးကား – AFP