ဓါတ်မြေဩဇာ စျေးသက်သာအောင် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ယူရီးယားတအိတ်ကို တသိန်းခွဲဝန်းကျင်၊ ၁၅ ပတ်လည်တအိတ်ကို နှစ်သိန်းကျော်ထိ စျေးတင်ရောင်းနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

၁၉၊ နိုဝင်ဘာ။

တောင်သူလယ်သမားတွေ အနေနဲ့ ဓါတ်မြေဩဇာတွေကို ရန်ကုန်အထိုင်စျေးနှုန်းအတိုင်း ဝယ်ယူနိုင်ရေး သက်ဆိုင် ရာကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးမယ်လို့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ပါတယ်။

အဲဒီလို ဝယ်ယူချင်တဲ့ တောင်သူတွေ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေ၊ ဒေသဆိုင်ရာ အာဏာပိုင် တွေကနေတဆင့် အသင်းကို ဆက်သွယ်နိုင်ပြီး နယ်ဆိုင်တွေမှာ ပုံမှန်ထက် စျေးများနေရင်လည်း သတင်းပေးကြဖို့ ဆိုထားပါတယ်။

“တောင်သူတွေ စုပြီးတော့ ကုမ္ပဏီမှာမယ်ဆိုရင် သူတို့ ချိတ်ပေးမယ့်ပုံစံပါ။ တချို့ အများကြီး ဝယ်တဲ့သူတွေမှာ အဲဒီလို မှာကြပါတယ်။ ဒါပေမယ့် တအိတ်၊ နှစ်အိတ်ပဲ လိုတဲ့သူတွေ အတွက်ကျ အဆင်မပြေ ဘူး” လို့ ဟင်္သာတ ဒေသခံတောင်သူ တဦးက ပြောပါတယ်။

ယူရီးယား ဓါတ်မြေဩဇာ(အလုံးကြီး) ၅၀ ကီလိုဂရမ် တအိတ်ကို ကျပ် ၁၂၄,၆၀၀ ကျပ်၊ ၁၅ ပတ်လည် ၅၀ ကီလိုဂရမ် တအိတ်ကို ၁၅၀,၀၀၀ ကျပ်နဲ့သာ ရောင်းချကြဖို့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းအထိုင် လက်ကားစျေးနှုန်းအဖြစ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အဲဒီစျေးနဲ့ ရောင်းချကြဖို့ သတ်မှတ်၊ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် နယ်ဆိုင်တွေမှာတော့ စျေးတင်ရောင်းနေကြတာကြောင့် တောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြ ရတာပါ။ လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ယူရီးယားတအိတ်ကို တသိန်းခွဲဝန်းကျင်၊ ၁၅ ပတ်လည်တအိတ်ကို နှစ်သိန်းကျော်ထိ စျေးတင်ရောင်းနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အကုန်လုံး စျေးတက်ပါတယ်။ မျိုးစေ့ကအစ ဓါတ်မြေဩဇာတွေပါ တက်တယ်။ နယ်ဘက်တွေဆိုရင် ပိုပြီးတော့ တက်ပါတယ်။ ယူရီးယားတောင် တသိန်းခြောက်သောင်း၊ ခုနစ်သောင်းရှိတယ် ဒီဘက်မှာ” လို့ ရေကြည်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလို စျေးတင်ရောင်းတာတွေရှိရင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဖုန်း ၀၉၉၈၈၅၃၉၃၆၀ ကို ဆက်သွယ်အသိပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ကုန်သည်၊ ဆိုင်ရှင်တွေဟာ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးတယ်လို့ အကြောင်းပြကာ စျေးတင်ရောင်းနေကြတာ ဖြစ်ပြီး လက်တွေ့မှာတော့ ဓါတ်မြေဩဇာ တအိတ်ကို သယ်ယူစရိတ် ကျပ်နှစ်ထောင် ဝန်းကျင်သာ ရှိတယ်လို့ လယ် သမားတွေက ပြောကြပါတယ်။

“ဖျာပုံဘက်မှာ စျေးပိုကြီးတယ်။ ၁၅ ပတ်လည်တအိတ်ကို နှစ်သိန်းနီးပါးတောင် ပေးရတယ်။ ပုသိမ်သွားဝယ်ဖို့ လည်း ဝေးတယ်” လို့ ဖျာပုံမြို့နယ် အမာမြို့မှ လယ်သမားတဦးက ပြောထားပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ဓါတ်မြေဩဇာတွေ စျေးတင်ရောင်းကြသလို စက်သုံးဆီတွေကိုလည်း ဆိုင်ကြီးတွေက မှောင်ခိုစျေးကွက်ကနေတဆင့် အဆမတန် ဈေးတင်ရောင်းနေကြတာကြောင့် ဒေသခံ တောင်သူတွေမှာ ဆောင်းသီး နှံစိုက်ပျိုးရမယ့် အချိန်ရောက်ပြီ ဖြစ်ပေမယ့် ထွန်ယက်ဖို့ အခက်အခဲ ဖြစ်နေကြရပါတယ်။

အခုနှစ်မှာ အယ်နီညိုသက်ရောက်မှုတွေလည်း ရှိလာနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ ရေသိုလှောင်တာ၊ ရေရရှိရေးအတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆  စိုက်ပျိုးရာသီမှာ ထူးထူးခြားခြား ရာသီဥတု ဖောက်ပြန်မှုမျိုး မရှိခဲ့ပေမယ့် မိုးနှောင်းကာလ ကြာရှည်ခဲ့တာကြောင့် ဆောင်းသီးနှံ စိုက်ပျိုးမှုမှာ အခက်အတွေ့ခဲ့ရသလို စပါးစျေး ကျဆင်းမှုတွေနဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် လယ်သမားအများစု ဆုံးရှုံးမှုတွေ များခဲ့ရပါတယ်။

ဒါ့အပြင် အခုနှစ်မိုးရာသီမှာလည်း ငဝန်မြစ်တာဘောင် ကျိုးကျမှုကြောင့် ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ငသိုင်းချောင်းစတဲ့မြို့နယ်တွေမှာ စပါးခင်းဧက ၅၇၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ သွင်းအားစုစရိတ်စျေးကြီးတာ၊ စပါးစျေးကောင်းမရတာတို့ကြောင့် စပါးစိုက်ဧက သိန်းနှစ် ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေ ရဲ့ အချက်အလက်တွေအရ သိရပါတယ်။