ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ လိင်အကြမ်းဖက်မှု ICJ အတည်ပြု


အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ရိုဟင်ဂျာ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထားတွေအရ ခိုင်လုံတယ်လို့ ဆိုပါတယ်။

 

၁၉ ၊ နိုဝင်ဘာ

 

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ  စတင်ပြုလုပ်နေတဲ့ အမှုစီရင်ချက် ဖတ်ကြားပွဲမှာ ၂၀၁၇ခုနှစ် ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေအပေါ်အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ICJ တရားရုံးဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါက ဖတ်ကြားအတည်ပြုလိုက်ပါတယ်။

 

မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးကနှစ်ဘက်တင်သွင်းတဲ့ သက်သေအထောက်အထားတွေကို စိစစ်သုံးသပ်ပြီးနောက် အခုလို ကနဦး အချက်အလက် တွေ့ရှိချက်တွေကို ထုတ်ပြန်ဖတ်ကြားလာတာ ဖြစ်ပါတယ်။

 

ICJ တရားရုံးဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါရဲ့ ဖတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဩဂုတ်လ စစ်ဆင်ရေးတွေအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ရိုဟင်ဂျာ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထားတွေအရ ခိုင်လုံတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတဝန်းမှာ ရိုဟင်ဂျာ အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ၊ ကလေးသူငယ်တွေအပေါ်ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူတွေကို တိုက်ခိုက်ခဲ့တာနဲ့ ရိုဟင်ဂျာကျေးရွာတွေကိုစနစ်တကျ ဖျက်ဆီးပြီး အဆောက်အအုံတွေ အစားထိုးတည်ဆောက်ကာ ရိုဟင်ဂျာ မဟုတ်သူတွေကို ပြန်လည်နေရာချထားခဲ့ကြောင်း သက်သေတွေက ပြသနေတယ်လို့ တရားရုံးကကောက်ချက်ချပါတယ်။

 

ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြသူတွေ ဖြစ်ပေမဲ့ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေနဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့အမုန်းစကားတွေကြောင့် အခွင့်အရေး ဆုံးရှုံးပြီး အကာအကွယ်မဲ့ဖြစ်ခဲ့ရတယ်လို့ တရားရုံးက ဆိုပါတယ်။

 

သက်သေအထောက်အထားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ စုံစမ်းရေးယန္တရား (IIMM) တို့ကို ပြည်တွင်းဝင်ခွင့် ပိတ်ပင်ခဲ့သလို ကျူးလွန်မှုတွေကို စစ်မှန်စွာ စုံစမ်းစစ်ဆေးဖို့လည်း ပျက်ကွက်ခဲ့တာကြောင့်တရားရုံးအနေနဲ့ အချက်အလက်ဆိုင်ရာ ကောက်ချက်ချမှုတွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

 

ဂမ်ဘီယာဘက်က တင်သွင်းတဲ့ မျက်မြင်သက်သေ သုံးဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်စိတ်ချရပြီး IIMM ရဲ့ အစီရင်ခံစာတွေနဲ့ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေကို တရားရုံးက အလေးအနက်ထားလက်ခံထားတယ်လို့ ဖော်ပြပါတယ်။

 

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စားမြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်မှုနဲ့ စတင်တရားစွဲဆိုခဲ့တာပါ။

၂၀၂၀ ပြည့်နှစ်မှာ ကြားဖြတ်စီမံချက် အမိန့်တွေ ချမှတ်ခဲ့ပြီးနောက် နိုင်ငံပေါင်း ၁၁ နိုင်ငံက ကြားဝင်ပါဝင် လျှောက်လဲခွင့် ရရှိခဲ့ကာ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အမှုရဲ့ အနှစ်သာရပိုင်းဆိုင်ရာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ICJ ဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သလားဆိုတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ကြားနာပွဲမှာပဲ ဆုံးဖြတ်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။

ကိုးကား – UNWebTV