အယ်လ်နီညို (El Niño)ဆိုတာဘာလဲနဲ့ အန္တရာယ်မရှိအောင် ဘယ်လိုကြိုတင်ပြင်ဆင်ကာကွယ်နိုင်ကြမလဲ

အယ်လ်နီညို (El Niño)ဆိုတာဘာလဲနဲ့ အန္တရာယ်မရှိအောင် ဘယ်လိုကြိုတင်ပြင်ဆင်ကာကွယ်နိုင်ကြမလဲ

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ  ၂၈    ရက်

(Explaner Factcheck-  DNA/  The Red Flag)

 

မိုးအကုန်ဆောင်းအကူးကာလဖြစ်လို့  အေးမြတဲ့ ဆောင်းရာသီရောက်ရှိလာရမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ အပူဒဏ်က စံချိန်တင်မြင့်တက်လာဖို့ ရှိနေပါတယ်။ ပြင်းထန်အယ်လ်နီညိုကြောင့် ပူပြင်းလာမှာဖြစ်လို့ အပြင် မထွက်ကြပါနဲ့၊ အပူရှောင်စခန်းတွေမှာ နေကြပါ၊ အရိပ်ရတဲ့နေရာတွေမှာ နေကြပါ၊ ဓါတ်ဆားထုတ် တွေ ဝယ်ကြပါ၊ ရေစုဆောင်းကြပါစတာတွေကို အသိပေး၊ သတိပေး၊ ပညာပေးမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ 

 

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေအရ ပြည်သူအချင်းချင်းမှာ မတူညီတဲ့ ဘဝတွေရှိနေကြလို့ အချို့က  အပူရှောင်စခန်း၊ အရိပ်ရတဲ့နေရာတွေမှာ  နေနိုင်ကြပေမဲ့ ညနေ/မနက်ဖြန်စားဖို့ ဆန်အိုးထဲမှာ ဆန် မရှိတဲ့  သူတွေက ဝမ်းပူမခံနိုင်တော့ ကျောပူခံပြီး  အပူမရှောင်နိုင်ပဲ သွားလာလှုပ်ရှားရုန်းကန်ကြမှသာ မိသားစု အသက်ရှင်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ အယ်လ်နီညိုဆိုတဲ့ သဘာဝတရားကြောင့် ဖြစ်လာတဲ့ အပူဒဏ်ထက်ပိုပြင်းတဲ့ မိသားစုစားဝတ်နေရေးအပူကို ငြိမ်းသတ်နိုင်ဖို့ အပူထဲမှာပဲသွားလာလှုပ်ရှားနေရမဲ့ အခြေခံလူတန်းစားကျောမွဲပြည်သူတွေက အများစုဖြစ်နေမှာပါ။ 

 

ဒါအပြင် မြန်မာနိုင်ငံတဝန်း ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး မမှန်တာနဲ့ ရေရှည်မီးပြတ်တောက်နေလို့ ရေမရ တာစတဲ့ အခက်အခဲတွေနဲ့အကျပ်အတည်းတွေကြောင့်လည်း ရေပေါ်ဆီလူတန်းစားတွေကလွဲလို့ လူလတ် တန်းစား စားနိုင်သောက်နိုင်အခြေအနေရှိတဲ့ ပြည်သူတွေအနေနဲ့ ပန်ကာ၊ အဲကွန်း သုံးစွဲနိုင်မှု မရှိဘဲ အပိတ် လှောင်ခံထားရတဲ့ အိမ်ခန်း/တိုက်ခန်းကျဉ်းတွေထဲမှာဘဲ အပူဒဏ်ကို အလူးအလဲခံစားကြရလို့ ထိခိုက် သေဆုံးတာတွေဖြစ်စေမှုကို ပိုမိုတွန်းအားပေးနေသလို ဖြစ်နေစေပါတယ်။  

 

အပူချိန်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံမှာရုတ်တရက်သေဆုံးခဲ့မှုတွေနဲ့အရေးပေါ်ကုသပေးရမှုများ

အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ဒေသခံ ၄ ဦး၊ သထုံမြို့နယ် ကဒေသခံ ၁ ဦးနဲ့ မော်လမြိုင်မြို့နယ်ကဒေသခံ ၁ ဦး၊ ပေါင်း ၆ ဦး အပူဒဏ်ကြောင့် ရုတ်တရက် လဲကျ သေဆုံးခဲ့တဲ့အပြင် အောက်တိုဘာလ ၂၀ ရက်က မုဒုံမြို့၊ မီတာ ၄၀၀ အားကစားကွင်းမှာ မြို့မ (၁) ဘောလုံး အသင်းက ကိုသားကြီးဆိုသူဟာ လူစားလဲပြီးနောက် ကွင်းဘေးမှာ နားနေချိန် သတိလစ်မေ့လဲပြီး  သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်က  ပုဇွန်တောင်မြို့နယ်မှာ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး အပူရှပ်ပြီး မူးလဲခဲ့လို့ လူမှုကူညီရေးအသင်းက နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။

 

ရန်ကုန်၊ ကျောက်တံတားမြို့နယ်က ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ တောင်ဒဂုံမြို့နယ်နေ  ၆၅ နှစ်အရွယ် အငှားယာဥ်မောင်း အမျိုးသား ၁ ဦး အောက်တိုဘာလ  ၁၂ ရက်မှာ အပူရှပ်ပြီး သေဆုံးခဲ့တဲ့ အပြင် အခုလအတွင်း အပူရှပ်လို့ ဆေးရုံဆေးခန်း ပို့ရတဲ့ အသက် ၄၀ ကနေ ၆၅ နှစ်ကြား အမျိုးသား/  အမျိုးသမီး ၅ ဦးထိရှိတယ်လို့ ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ထံက သိရှိရပါတယ်။ 

 

အောက်တိုဘာလ ၁၃ ရက်က ရန်ကုန်မြို့၊ ဘုရင့်နောင်ကားပစ္စည်းပွဲရုံဝင်းအတွင်းမှာ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး အပူရှပ်ပြီး နေရာမှာတင် လေဖြန်းသွားခဲ့လို့ ခေမာအောင်လူမှုကူညီရေးအသင်းက အင်းစိန် ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်။ 

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှာ အသက် ၆၀ အရွယ်အမျိုးသား ၁ ဦး အပူရှပ်မူးလဲခဲ့လို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့  သိရပါတယ်။ 

 

ဒီလို ပြင်းထန်အယ်လ်နီညိုကြောင့် အပူဒဏ်ခံရလို့ ပြည်သူတွေသေဆုံးထိခိုက်မှု ဖြစ်စဉ်တွေသာမက  သောက်သုံး ရေရှားပါးမှု၊ စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးမှု၊ မီးလောင်မှု၊ ပူပြင်းလို့ ရေရှားလာပြီး သန့်ရှင်းတဲ့ သောက်ရေမလုံလောက်လို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ အသက်ရှူ လမ်းကြောင်းရောဂါ၊ ပန်းနာရင် ကျပ်ရောဂါ (Asthma)၊ မျက်စိယားယံတဲ့ရောဂါစသည့် ဆက်စပ်တဲ့ရောဂါတွေပါ ဖြစ်ပွားလာနိုင်ပါတယ်။ 

 

ဒါတွေက အယ်လ်နီညိုဖြစ်စဉ်အရ ၂၀၂၇  ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်လို့ ပညာရှင်တွေအသိပေးထားလို့ ပြည်သူတွေအနေနဲ့ မိမိကိုယ်ကို စောင့်ရှောက်နိုင်ဖို့အရေးကြီးပါတယ်။ 

 

အပူရှပ်ခြင်း (Heat Stroke) 

အပူချိန်လွန်ကဲခြင်းမှုကြောင့် အပူရှပ်ခြင်း- အပူရှပ်ခြင်း (Heat Stroke) ဟာ ရာသီဥတု ပူပြင်းလွန်းချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တခုဖြစ်ပါတယ်။ အခုလို အပူချိန်တွေ စံချိန်တင်မြင့်တက် နေချိန်မျိုးမှာ အပူရှပ်တဲ့ဒဏ်ကို ပိုခံစားရနိုင်ပါတယ်။ အပူရှပ်ခြင်း ဖြစ်ရတဲ့အဓိကကြောင်းရင်းကတော့ ရုတ်တရက်အပူ ချိန်အပြောင်းအလဲဖြစ်တာ (နေပူထဲကနေပြန်လာလာချင်း အဲယားကွန်းဖွင့်ထားတဲ့ အခန်းထဲ ဝင်လိုက်ခြင်း၊ ရေခဲရေ သောက်ခြင်း၊ ရေချိုးခြင်း ဒါမှမဟုတ် အအေးခန်းထဲကနေ ရုတ်တရက် နေပူထဲထွက်လိုက်ခြင်း) စတာတွေကြောင့် ဖြစ်ပါတယ်။

 

အပူရှပ်ခြင်း (Heat Stroke) လက္ခဏာတွေကတော့ ကိုယ်အပူချိန်သာမန်ထပ်မြင့်တက်လာခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်)၊ အရေပြားခြောက်သွေ့ခြင်း၊ ချွေးခန်းခြောက်ခြင်း၊  မူးဝေအော့အန်ခြင်း၊ သတိလစ်သွားခြင်း၊ အသက်ရှုမြန်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း စတဲ့လက္ခဏာတွေ ပါဝင်ပြီး အချိန်မှီကျန်းမာရေးစောင့်ရှောက်မှုမခံယူရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

 

အပူရှပ်ခြင်းကို ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ၊ ရေသောက်နည်းသူတွေ၊ နေပူထဲမှာ အချိန်ကြာ မြင့်စွာအလုပ်လုပ်ရသူတွေ၊ အားကစားပြင်းပြင်းထန်ထန်လုပ်သူတွေ၊ သာမန်ထက်ချွေးထွက်များသူတွေ၊ ရောဂါအခံရှိသူတွေ (ဥပမာ – နှလုံးရောဂါ၊ ဆီးချိုရောဂါ)၊ အရက်သောက်သုံးသူတွေ စတဲ့သူတွေက တခြား သူများထက် အပူရှပ်ခြင်းပိုဖြစ်နိုင်ပါတယ်။

 

အပူရှပ်ခြင်း (Heat Stroke) မဖြစ်ရအောင် ရာသီဥတုပူပြင်းချိန်မှာ အပြင်မထွက်ခြင်းကို ရှောင်ကြဉ်ပါ၊  မလွှဲမရှောင်သာထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ သောက်ရေဘူးယူဆောင်သွားပါ၊ ရေခဲ ရေမသောက်ဘဲ၊ ရိုးရိုးရေသောက်ပါ၊ ဓာတ်ဆားရည်သောက်ပါ၊ အေးမြတဲ့နေရာကနေ နေပူထဲကို သွား တော့မယ်ဆိုရင် ကြိုတင်ပြီး ရေသောက်ထားပါ။

 

အပူရှပ်ခြင်း (Heat Stroke) ခံစားရတဲ့လူနာကို အရိပ်ရတဲ့နေရာကို ရွှေ့ပါ၊ အဲယားကွန်း (ဒါမှမဟုတ်) ပန်ကာဖွင့်ထားတဲ့အခန်းမှာ ထားပေးပါ၊ လူနာရဲ့ခြေရင်းဘက်ကိုမြှင့်ပြီး ပက်လက်အနေအထားနဲ့ထားပေးပါ၊ လူနာရဲ့ အဝတ်အစားတွေကို ချွတ်ပေးပါ၊ ရေအေးအေး(ဒါမှမဟုတ်) ဓာတ်ဆားရည်တိုက်ပေးပါ၊ အချိုရည် တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ မတိုက်ပါနှင့်၊ လူနာရဲ့ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနေရာတွေကို ရေအေးအေး ဆွတ်ထားတဲ့ အဝတ်နဲ့ရေဖတ်တိုက်ပေးတာတွေစတဲ့ အရေးပေါ်ကုသမှုတွေလုပ်ပေးပြီးရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းကို ပို့ပြီးကုသမှုဆက်လက်ခံယူရပါမယ်။ 

 

အပူရှပ်ခြင်း (Heat Stroke) ဝေဒနာ ခံစားရရင် အရေးပေါ်ဆေးကုသမှုခံယူသင့်ပါတယ်။ အချိန်မှီကုသမှု မခံယူနိုင်ရင် ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ် စတဲ့ကိုယ်တွင်းကလီစာတွေကို ထိခိုက် ပျက်စီးစေပြီး နောက်ဆုံးမှာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်တဲ့ ကျန်းမာရေး ပြဿနာတခုဖြစ်ပါတယ်။

 

Super El Niño ကြောင့် ကမ္ဘာပေါ်မှာ လူသန်း ၅၀  ခန့်ငတ်မွတ်ခေါင်းပါးမှုဖြစ်နိုင်ကာ လူ ၄ သိန်းခွဲ ခန့် သေဆုံးနိုင်ပြီး မြန်မာနိုင်ငံမှာ လူ ၁,၂၀၀ ခန့်သေဆုံးနိုင်

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ တာဝန်ခံ တွမ်ဖလက်ချာ(Tom Fletcher)က ၂၀၂၆ ခုနှစ်၊ အောက်တို ဘာလ ၂၁ ရက် ရှင်းလင်းပြောကြားချက်မှာ “ အယ်လ်နီညိုဟာ ဧရာမဖျက်ဆီးရေးသံလုံး (Wrecking Ball) လို ကမ္ဘာ့ဒေသစုံကို မွှေနှောက်ပြီး လူသန်း ၅၀ ကို ငတ်မွတ်ခေါင်းပါးမှု ဖြစ်စေနိုင်တယ်”လို့ အသိပေးပြော ကြားခဲ့ပါတယ်။ 

 

ဒါအပြင် အမေရိကန်နိုင်ငံ၊ ချီကာဂိုတက္ကသိုလ် ရာသီဥတုထိခိုက်မှုဆိုင်ရာ သုတေသနဌာန Climate Impact Lab က ၂၀၂၆ ခုနှစ်၊ အောက်တိုဘာကနေ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အင်အားပြင်း အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်ပြီး ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄၅၀,၀၀၀ ကျော် ထိခိုက်သေဆုံးနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

ဒီဖြစ်စဉ်အတွင်း အာဖရိကတိုက် ဆာဟာရသဲကန္တာရအစပ်က နိုင်ငံတွေမှာ ၆၆,၈၀၀ ဦးခန့်၊ နိုင်ဂျီးရီးယား မှာ ၃၁,၄၀၀ ဦးခန့်၊ အာရှတိုက်ထဲက အင်ဒိုနီးရှားမှာ ၁၉,၃၀၀ ဦးခန့်၊ အိန္ဒိယမှာ ၁၅,၈၀၀ ဦးခန့်၊ ထိုင်းမှာ ၅,၀၀၀ ဦးခန့်နဲ့မြန်မာမှာ ၁,၂၀၀ ဦးခန့်ဟာ အသက်ဘေးအန္တရာယ်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

 

အယ်လ်နီညို (El Niño)ဆိုတာဘာလဲ? အယ်လ်နီညိုဖြစ်ပေါ်လာရတဲ့အကြောင်း

အယ်လ်နီညိုဆိုတာစပိန်ဘာသာစကားမှာ El က(The)ဖြစ်ပြီး Niño ကယောကျာ်းလေး(Boy)(ဒါမှမဟုတ်) ကလေးငယ်(Child)ဖြစ်ပါတယ်။ ပီရူးနိုင်ငံက တံငါသည်တွေဟာ သမုဒ္ဒရာရေပြင် ပုံမှန်ထက် ပူနွေးလာတာ ကို ခရစ္စမတ်ကာလ(ဒီဇင်ဘာလ)ခန့်မှာ စတင်သတိထားမိခဲ့ကြပါတယ်။ ဒါကြောင့် ခရစ္စမတ်ရဲ့အထိမ်း အမှတ်အဖြစ် “သခင်ယေရှု ကလေးငယ်” (The Christ Child / Little Boy) ကို ညွှန်းဆိုပြီး “El Niño” လို့ အမည်ပေးခဲ့ကြတယ်လို့ ဆိုကြပါတယ်။ 

 

အယ်လ်နီညို (El Niño) ဖြစ်ပေါ်ရတာဟာ ပစိဖိတ်သမုဒ္ဒရာ၊ အီကွေတာဒေသမှာ လေတိုက်ခတ်မှုနဲ့ ရေအပူ ချိန်ပြောင်းလဲမှုတို့ အပြန်အလှန်သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ပုံမှန်အနေနဲ့ အရှေ့ ဘက်(တောင်အမေရိကဘက်)က အနောက်ဘက်(အာရှနဲ့ဩစတြေးလျဘက်)ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ရေနွေးတွေကို တွန်းပို့ပေးနေတဲ့(Trade Winds)ကုန်သွယ်လေ တိုက်ခတ်လေ့ရှိပါတယ်။ အယ်လ်နီညို ဖြစ်ချိန်မှာ Trade Winds ကုန်သွယ်လေ လေတိုက်နှုန်းတွေ အားနဲသွားတာ ဒါမှမဟုတ် ရပ်တန့်သွားတာ တွေ ဖြစ်သွားပါတယ်။ ဒီလို လေအားနည်းသွားသောအခါ အနောက်ဘက်ကို ရောက်နေတဲ့ ရေနွေးတွေဟာ အရှေ့ဘက်(ပစိဖိတ်အလယ်ပိုင်းနဲ့အရှေ့ပိုင်း)ဆီကို ပြန်လည်စီးဝင်လာပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ဟာ  ၂ နှစ်မှ ၇ နှစ်တကြိမ်ခန့် ဖြစ်ပေါ်လေ့ ရှိပြီး တကြိမ်ဖြစ်ရင် ၉ လကနေ ၁၂ လအထိ ကြာမြင့်တတ်ပါတယ်။ 

အယ်လ်နီညိုကြောင့် သမုဒ္ဒရာထဲက အပူဓာတ်တွေလေထုထဲ ပျံ့နှံ့လာတာကြောင့် ကမ္ဘာ့အပူချိန် ပိုမိုမြင့်မား လာပြီး အလွန်အမင်းပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုတွေကို ကြုံရတတ်ပါတယ်။ အရှေ့တောင်အာရှ၊ ဩစတြေးလျနဲ့ အင်ဒိုနီးရှားတို့လို ဒေသတွေမှာ မိုးခေါင်ရေရှားတာ၊ ရေအရင်းအမြစ်တွေ ရှားပါးတာနဲ့ တောမီးဘေးအန္တရာယ်တွေ ဖြစ်ပေါ်စေပြီး  ဆန့်ကျင်ဘက်အနေနဲ့ တောင်အမေရိကတိုက် အရှေ့ဘက်ကမ်း ရိုးတန်းနဲ့ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းလိုနေရာတွေမှာတော့ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှု တွေ ဖြစ်ပေါ်စေပါတယ်။  

 

အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မယ့်အကျိုးဆက်နဲ့ အဆိုးရွားဆုံး ထိခိုက်နိုင်ခြေ 

အယ်လ်နီညို (El Niño) ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို လူတိုင်း ပြေးမြင်ကြမှာဖြစ်ပြီး ဒီနေ့ခေတ်မှာလည်း အယ်လ်နီညို ဝင်ပြီဆိုရင် ရေတွင်းရေကန်တွေ ခန်းခြောက်ကာ အပူဒဏ်နဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကို ပြည်သူတိုင်း အလူးအလဲခံကြရမှာဖြစ်ပါတယ်။ ဒီအထဲမှာ အဓိက အကျိုးဆက်တွေအနေနဲ့ သောက်သုံးရေ၊  စားနပ်ရိက္ခာ၊ အပူဒဏ်အန္တရာယ်၊  နောက်ဆက်တွဲရောဂါဘေး စတာတွေကို  ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

 

စိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာပိုင်းအနေနဲ့ မိုးဦးနောက်ကျတာ၊ စပါးနဲ့သီးနှံစိုက်ခင်းတွေ မိုးခေါင်လို့ပျက်စီးပြီး စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အဓိကခံစားရနိုင်ပါတယ်။ သောက်သုံးရေရှားပါး မှုအနေနဲ့အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသတွေနဲ့ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေချိုရှားပါးပြီး ရေငန်ဝင်ရောက်မှုများပြားလာနိုင်ပါတယ်။

 

ကျန်းမာရေးအန္တရာယ်အနေနဲ့ မြို့ပြရဲ့ အပူဒဏ်အပြင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ လျှပ်စစ်မီးမမှန် တာ၊ သောက်သုံးရေရှားပါးလာတာတွေကြောင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ ဆီးချို/သွေးတိုး ရောဂါအခံရှိသူတွေ အပူရှပ်(Heatstroke) သေဆုံးမှု ပိုမိုမြင့်တက်လာနိုင်တာတွေဖြစ်လာနိုင်သလို ပူပြင်း ခြောက်သွေ့မှုကြောင့် မီးလောင်မှုများ အလွယ်တကူဖြစ်ပွားနိုင်ကာ  ရေရှားပါးလို့ မီးငြိမ်းသတ်ရေးအတွက် အခက်အခဲရှိနိုင်ပြီး မီးဘေးအန္တရာယ်ပိုမိုကြီးမားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

 

NUG နဲ့ မိုးဇလတို့က  ပြင်းထန်အယ်လ်နီညိုအတွက် ထုတ်ပြန်အသိပေးချက်

ပြင်းထန်အယ်လ်နီညိုကြောင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒေသ အသီးသီးမှာ ပုံမှန်ထက် အပူချိန်မြင့်တက်တာတွေ၊ မိုးရွာသွန်းမှုလျော့နည်းတာတွေ၊ ရေရှားပါးမှုတွေနဲ့ မီးဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်လို့ မိသားစုအလိုက်အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှု မဖြစ်စေဖို့ အကြံပြုချက်တွေ၊ ပြင်းထန်အယ်လ်နီညိုအတွက် အိမ်ထောင်စုအဆင့် ကြိုတင်ပြင်ဆင်ရန် အကြံပြုချက် တွေ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အယ်လ်နီညိုဆိုင်ရာ သိကောင်းစရာ ဆွေးနွေးအသိပညာပေး ပွဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ပြုလုပ်ကာ ပြည်သူတွေကို ကြိုတင်ပြင်ဆင်ထားရှိဖို့အသိပညာပေးချက်နဲ့အကြံပြချက်  တွေ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။  

 

ဒါအပြင် ၂၀၂၆  ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှာ အယ်လ်နီညိုနဲ့ပတ်သက်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညိုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့  ခန့်မှန်းထားပြီး အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ် ပေါ်မှုများ မူမမှန်ခြင်း၊ လာမဲ့ဆောင်းရာသီနဲ့ နွေရာသီကာလများတွင် အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်းစတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်လို့အသိပေးထားပါတယ်။ 

အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမဲ့ ဆောင်းရာသီနဲ့ နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်းနဲ့ ရေရှားပါး မှုများ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက် သုံးရေနဲ့ စိုက်ပျိုးရေ ပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ အပူရှပ်ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ခြင်း၊ ရေလှောင်တမံတွေမှာ ရေဝင် နည်းပါးလို့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်တဲ့အပြင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာခြင်းတွေ ဖြစ်ပေါ်လာနိုင်မှာဖြစ်လို့ သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားကြဖို့ အကြံပြုထားတာကို တွေ့ရပါတယ်။ 

 

“Resilience starts at home (ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းမှု၊ နေအိမ်များမှ အစပြု)”

ဘေးအန္တရာယ်တွေကို လုံးဝတားဆီးနိုင်ခြင်းမရှိပေမဲ့ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် တွေကို ဆန်းစစ်သိရှိကာ ထိခိုက်ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းနဲ့ လိုအပ်တဲ့ အစီ အမံတွေ ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် ဆုံးရှုံးမှုနည်းအောင် လျှော့ချနိုင်မှာဖြစ်ပါတယ်။

 

ကုလသမဂ္ဂက ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်ဖြစ်တဲ့ “Resilience starts at home (ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းမှု၊ နေအိမ်များမှ အစပြု)”ဆိုတဲ့အတိုင်း ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ မိမိတဦးချင်းကစပြီး မိသားစုနဲ့ ရပ်ရွာအဆင့်အထိ စုပေါင်းကြိုတင်ပြင်ဆင်ထားခြင်းက ဘေးအန္တရာယ်ကို  ကျော်လွှားနိုင်တဲ့အချက်ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ 

 

ရာသီဥတုပြောင်းလဲမှုက ငါတို့နဲ့မဆိုင်ဘူးလို့ တွေးရမယ့်အချိန် မဟုတ်ပါဘူး၊ လက်ရှိအချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် စစ်ဘေး၊ နေရပ်ဒေသစွန့်ခွာပြီး စစ်ရှောင်ရတဲ့ဘေး၊ စားနပ်ရိက္ခာ ရှားပါးငတ်မွတ်မှုဘေး၊ ဆေးဝါးမလုံလောက်မှုဘေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဘေး၊ မတရားစစ်မှုထမ်းခိုင်းစေမှုဘေး စတဲ့ လူလုပ် ဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေနေချိန် ရေကြီး၊ မီးလောင်၊ ငလျင်လှုပ်စတဲ့ သဘာဝဘေးအန္တရာယ်တွေကိုပါ ထပ်ပေါင်းခါးစည်းပြီး ခံစားနေကြရချိန်မှာ အစွန်းရောက်ရာသီဥတု ဖြစ်စဉ်ဖြစ်တဲ့ အယ်လ်နီညိုဘေးကို ထပ်မံအပိုဆောင်းအနေနဲ့ရရှိရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။  

 

ဒါကြောင့် ဘေးအန္တရာယ်တွေ ဖြစ်ပွားလာမှ တုံ့ပြန်ဆောင်ရွက်တာထက် သက်ဆိုင်ရာဌာနနဲ့  ပညာရှင်တွေ ရဲ့ သတိပေးထုတ်ပြန်ချက်တွေကို ကြိုတင်သိရှိ၊ ကြိုတင်ပြင်ဆင်ပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ဖို့ ပြည်သူအားလုံးသိမြင်နားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။

 

တဦးချင်းနဲ့ အိမ်ထောင်စုအဆင့်ကစတင်လို့ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်တွေကို လေ့လာတာ၊ အရေးပေါ်သုံးဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေ ကြိုတင်ပြင်ဆင်တာ၊ မီးဘေးအပါအဝင် နောက်ဆက်တွဲ ဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ကာကွယ်တာနဲ့ ရပ်ရွာအတွင်း အပြန်အလှန်ကူညီနိုင်မဲ့ နည်းလမ်းတွေ ဖော်ဆောင်တာတွေပြုလုပ်ခြင်းဖြင့် ပိုမိုဘေးကင်းပြီး ကြံ့ကြံ့ခံနိုင်သော အနာဂတ်တခုဆီသို့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 

လွတ်လပ်သောမွန်သတင်းအေဂျင်စီ- https://archive.ph/uhUm5   

NUG-MoSLHA (၁) – https://archive.ph/HgFRf 

( ၂) –https://archive.ph/PwFxv

မိုးဇလ- https://archive.ph/6OirX 

UN OCHA- https://archive.ph/G6seC  

Climate Impact Lab-  https://archive.ph/xUYLc