ရက်နှစ်ဆယ်ကျော်ကြာ ရေမြုပ်ဧရိယာအတွင်းက စပါးခင်းတွေ ပျက်ဆီးကုန်ပြီ

“အကုန် ပျက်သွားပြီလေ။ တဧကကို သုံးသိန်းလောက် အနည်းဆုံး ကုန်ထားတာ။ ရင်းထားရတာ မလွယ်ဘူး။ မမြတ်တဲ့ကြားက ရှိတဲ့အလုပ်ပဲ ဆက်လုပ်နေတာ။ အကူအညီတွေသာ မရခဲ့ရင် ရှေ့နှစ် အများစု လယ်ပြန်မလုပ်နိုင်တော့ဘူး။ အရင်းသွင်းပြီး ဘာမှပြန်မရရင် ဘယ်ကပိုက်ဆံနဲ့ သွားလုပ်ရတော့မလဲ”

၂၁၊ ဩဂုတ်။

၁၄ ရက်အတွင်းရေပြန်ကျရင် စပါးခင်းတွေ မပျက်စီးနိုင်ကြောင်း၊ ပျက်စီးခဲ့ရင်တောင်မှ ဆန်စပါးဖူလုံရေးနဲ့ လိုအပ် ချက်တွေအတွက် စိုးရိမ်ဖို့မလိုကြောင်း စစ်အစိုးရက ကြေညာခဲ့ပေမယ့် အခုဆိုရင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က တာကျိုးအပြီး ၂၂ အကြာမှာ စပါးခင်းတွေ ပျက်ဆီးကုန်တာပါ။

“လေးမျက်နှာကနေ ငသိုင်းချောင်းနားထိ တောက်လျှောက် စပါးခင်းတွေကတော့ လုံ၀ပျက်သွားပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး။ အခု ဟင်္သာတဘက်က အခင်းတွေပါ လိုက်မြုပ်နေပြီဆိုတော့ စပါးခင်းအကုန် မရှိရင်တောင် ဧကငါးသောင်းလောက် ရှိမယ်၊ အခုပျက်နေတာက လေးသောင်းလောက် ရှိနိုင်တယ်၊ ခန့်မှန်းပြောတာနော်” လို့ ဟင်္သာတ ဒေသခံလယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ညမှာ လေးမျက်နှာမြို့အနီး မြစ်ကျိုးကျေးရွာအနီးမှာ စတင်တာကျိုးပေါက်ခဲ့ပြီးနောက် ငဝန်မြစ်ရေဟာ ရက်ပိုင်းအတွင်း လေးမျက်နှာတမြို့နယ်လုံး ၊ လေးမျက်နှာနဲ့ ထိစပ်နေတဲ့ ကျုံပျော်မြို့နယ် ရထားလမ်း ဝဲယာတလျှောက် နေရာတွေ၊ လေးမျက်နှာ – ရေကြည် ကားလမ်း ဝဲယာတလျှောက် နေရာတွေထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း အတွင်းမှာ ဟင်္သာတမြို့နယ် တလုတ္ထော် အနီးဝန်းကျင်နဲ့ ကျုံပျော်မြို့ အနီးဝန်းကျင် လယ်ကွင်းတွေ ၊ လူနေကျေးရွာတွေပါ ရေမြုပ်လာခဲ့ပြီး အဲဒီ စပါးခင်းတွေဟာလည်း နောက်တပတ်လောက်အတွင်း ရေ ပြန်မကျရင် ပျက်စီးသွားနိုင်တယ်လို့ ဆိုကြပါတယ်။

“အခုတော့ စပါးတွေ မပျက်သေးဘူး။ ဒါပေမယ့် ဒီအတိုင်းဆိုရင် ဘယ်လောက်မှ ခံနိုင်မယ်မထင်ဘူး။ အလွန်ဆုံး နောက်တပတ်ပဲ” လို့ တလုတ္ထော် ဒေသခံ လယ်သမားတဦးက ပြောပါတယ်။
လေးမျက်နှာမြို့နယ် အိုင်သပြုမှ လယ်သမားတဦးကတော့ သူတို့ရဲ့ စိုက်ပျိုးပြီးသား စပါးခင်းတွေ အကုန်လုံး ပျက်စီးသွားပြီဖြစ်ပြီး နောက်နှစ်အတွက် လယ်ပြန်လုပ်နိုင်ဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။

“အကုန် ပျက်သွားပြီလေ။ တဧကကို သုံးသိန်းလောက် အနည်းဆုံး ကုန်ထားတာ။ ရင်းထားရတာ မလွယ်ဘူး။ မမြတ်တဲ့ကြားက ရှိတဲ့အလုပ်ပဲ ဆက်လုပ်နေတာ။ အကူအညီတွေသာ မရခဲ့ရင် ရှေ့နှစ် အများစု လယ်ပြန်မလုပ်နိုင်တော့ဘူး။ အရင်းသွင်းပြီး ဘာမှပြန်မရရင် ဘယ်ကပိုက်ဆံနဲ့ သွားလုပ်ရတော့မလဲ” လို့ အိုင်သပြုဒေသခံလယ်သ မားတဦးက ပြောပါတယ်။

လယ်ယာသုံး ဓာတ်မြေဩဇာတွေ စျေးတက်နေတဲ့အထဲက စိုက်ပျိုးစရိတ်အတွက် ချေးငွေတွေယူပြီး စိုက်ပျိုးထားရတဲ့ လယ်သမားတွေအဖို့ ရေဘေးကြောင့် တပူပေါ်နှစ်ပူဆင့် ဖြစ်ကာ အကြွေးနွံ နစ်ရတော့မယ့်ကိန်း ဆိုက်နေတာ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်း အတွင်းက လယ်သမားတွေဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကတည်းက သွင်းအားစု စျေးကြီးတာ၊ အလုပ်သမားခ စျေးတက်တာ၊ လယ်ယာထွက်ကုန် စပါးတွေ စျေးကောင်းမရတာ တို့ကြောင့် အမြတ်နည်း၊ အရှုံးပေါ်တဲ့ အခြေအနေနဲ့ နှစ်စဉ် ကြုံနေခဲ့ကြရတာပါ။

အဲဒီလို အခြေအနေမှာ ငဝန်မြစ်တာဘောင် ကျိုးကျပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်စီးရကာ ရေဘေးပါ ထပ် ကြံနေကြရတာဖြစ်ပါတယ်။

ဧရာ၀တီတိုင်းရဲ့ ဆန်စပါး ဖူလုံမှုဟာ ၄၇၃ ရာခိုင်နှုန်းကျော်အထိ ရှိတဲ့အတွက်ကြောင့် ဆန်စပါးဖူလုံရေးနဲ့ လိုအပ်ချက်တွေအတွက် စိုးရိမ်ပူပန်စရာ လုံး၀မရှိဘဲ ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်း အနည်းငယ် အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုး စိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ လယ်သမားတွေ အပါအဝင် ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေတောင် အလုံအလောက် ထောက်ပံ့ပေးတာ မရှိဘဲ ပုဂ္ဂလိက အလှူရှင်တွေရဲ့ အထောက်အပံ့တွေကိုပဲ အားကိုးနေကြရတယ်လို့ မြေပြင်မှာ ကူညီပေးနေသူတွေက ပြောကြပါတယ်။

“တာပေါက်ကို ပိတ်နိုင်တယ် ထားဦး အခုစပါးခင်းတွေကို ပြန်စိုက်ဖို့ မလွယ်တော့ဘူး။ နောက်မိုးကောင်းဖို့ လိုသေး တယ်။ ပြန်စိုက်ဖို့ အချိန်လည်း မမီတော့ဘူး” လို့ အိုင်သပြုဒေသခံ လယ်သမားက ပြောပါတယ်။

အခုရေကြီးနေတာဟာ လေးမျက်နှာမြို့၊ မြစ်ကျိုးရွာအနီး ငဝန်မြစ် ပန်းတာ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ တာဘောင် နိမ့်ဆင်းသွားပြီး ကျိုးပေါက်သွားတာ ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ ရေပေါက်အကျယ်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီ တာပေါက်ကို စစ်အစိုးရက နိုင်ငံတော်အဆင့် အစီအမံနဲ့ ပိတ်ဖို့ ကြိုးစားနေတယ် ဆိုပေမယ့် ရေစီးပြင်းတာ၊ ပစ္စည်းမပြည့်စုံတာတွေကြောင့် ကြန့်ကြာနေပြီး ၂၂ ရက်ကြာတဲ့အထိ ရေဝင်ရောက်မှုကို မတားဆီးနိုင်သေးတာ ဖြစ်ပါတယ်။

#ဧရာဝတီ #ရေမြုပ် #စပါးခင်း #ပျက်စီး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ