
“ဒီနှစ်ထဲ အပြီးဆောက်မယ်လို့ လျာထားတာ။ ဒလအပြင် နောက်ထပ်စျေးရုံသုံးခု ဆောက်သွားဖို့အတွက် ပြင်ဆင်နေတာရှိတယ်”
၂၁၊ဩဂုတ်
ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်က ကမာကဆစ်ဈေးကို ဈေးရုံအဆောက်အဦအသစ်နဲ့ အစားထိုးပြီး ပျံကျဈေးသည်တွေကိုပါ ဆိုင်ခန်းနေရာတွေ ချထားပေးဖို့ စီစဉ်နေပါတယ်။
“ပျံကျစျေးသည်တွေကို စာရင်းကောက်သွားတယ်။ စျေးရုံကြီး ဆောက်ပြီးရင် ဆိုင်ခန်းမဲနှိုက် ဖောက်ပေးမယ် ပြောတယ်။ အခုစဆောက်ဖို့ လုပ်နေတာ တွေ့ရတယ်” လို့ ဒလမြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မြစ်မှာ တံတားထိုးလိုက်ပြီးနောက် ဒလမြို့နယ်က အရင်ကထက် ပိုဖွံ့ဖြိုးဖို့ ရှိလာတာကြောင့် ကာလနဲ့ ကိုက်ညီအောင် အဆင့်မြင့်စျေးရုံ ဆောက်လုပ်မှာလို့ မြို့တော်စည်ပင် သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
“ဒီနှစ်ထဲ အပြီးဆောက်မယ်လို့ လျာထားတာ။ ဒလအပြင် နောက်ထပ်စျေးရုံသုံးခု ဆောက်သွားဖို့အတွက် ပြင်ဆင်နေတာရှိတယ်”လို့ သူကပြောပါတယ်။
မြို့တော်စည်ပင် (YCDC)ရဲ့ စာရင်းတွေမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ လမ်းဘေးပျံကျစျေးသည် ၁,၂၀၀ နီးပါး၊ အခုနှစ်မှာ ၁,၉၀၀ နီးပါးကို စျေးတွေမှာ နေရာချပေးထားခဲ့တယ်လို့ ဆိုပါတယ်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလတံတား)ကို ဒီချုပ်အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ တောင်ကိုရီးယားအစိုးရ ချေးငွေအကူအညီနဲ့ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၆ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မြစ်ကူးတံတားပြီးသွားတဲ့နောက်မှာ ဒလမြို့မှာ မြို့သစ်စီမံကိန်းတွေ၊ မြေယာရင်းနှီးမြုပ်နှံမှုတွေနဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ မျှော်လင့်နေကြပေမယ့် တဖက်မှာလည်း ကျွမ်းကျင်သူတွေက ဒလ၊ ကြည့်မြင်တိုင်၊ ဒဂုံအရှေ့ဘက်တွေမှာ မြို့ပြချဲ့ထွင်ဖို့ ရေကြီးရေလျှံမှုအန္တရာယ်နဲ့ မြေယာဖွံ့ဖြိုးရေးစရိတ်ကို သေချာတွက်ချက်ဖို့ လိုသေးတယ်လို့ ထောက်ပြထားပါတယ်။
#ရန်ကုန် #ဒလ #ဈေးရုံသစ်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ