အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားက ဒုံးကျည်ဆယ်စင်းပစ်လွှတ်

ကင်ယိုဂျောင်ကတော့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေတာမို့ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ “ရန်လိုတဲ့ မူဝါဒ” က ပြောင်းလဲမသွားသေးဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

၂၁ ၊ ဩဂုတ်

မြောက်ကိုရီးယားက ဩဂုတ် ၂၀ရက်နေ့မှာ တာတိုပစ် ဒုံးကျည် ၁၀ စင်းထက်မက ပစ်လွှတ်ခဲ့တာကို တောင်ကိုရီးယား သမ္မတရုံးက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး အမေရိကန်နဲ့ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်တပ်ကိုအပြည့်အဝ အသင့်ပြင်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက မြို့တော်ပြုံယမ်းကနေ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်ဆီ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားသမ္မတရုံးက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေပါဝင်တဲ့ အရေးပေါ်လုံခြုံရေးအစည်းအဝေးကို ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီလို ဒုံးကျည်ပစ်လွှတ်တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့ ကြီးလေးတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားအနေနဲ့ ဒီလိုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီဒုံးကျည်တွေဟာ ပင်လယ်ပြင်ဆီကို ကီလိုမီတာ ၃၀၀ ဝန်းကျင်လောက် ပျံသန်းသွားခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

ဂျပန်အစိုးရနဲ့ ကမ်းခြေစောင့်တပ်ကလည်း မြောက်ကိုရီးယားဟာ ပင်လယ်ဘက်ကို ဒုံးကျည်ပစ်လွှတ်ခဲ့ပုံရပြီး ပင်လယ်ထဲ ကျသွားပြီလို့လည်း ဂျပန်ကမ်းခြေစောင့်တပ်က ဆိုပါတယ်။

ဒုံးကျည်တွေဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ပင်လယ်ထဲကို ကျရောက်ခဲ့ပုံရတယ်လို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပါဝင်ပတ်သက်မှုကို အတော်အတန် လျှော့ချဖို့ သမ္မတ ဒေါ်နယ်ထရမ့်က မိန့်ကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သံတမန်ရေးအရ ပြန်လည်စကားပြောချင်တယ်လို့ ပြောခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သောကြာနေ့မှာ ပြီးအောင် အကျဉ်းချုံး လုပ်ဆောင်ချိန်မှာပဲ အခုလို ပစ်လွှတ်မှု ထွက်ပေါ်လာတာပါ။

ကင်မ်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်ကတော့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေတာမို့ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ “ရန်လိုတဲ့ မူဝါဒ” က ပြောင်းလဲမသွားသေးဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဆိုးလ်မြို့က မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်က ပါမောက္ခ ယန်းမူဂျင်းကတော့ ဒီလိုပစ်လွှတ်လိုက်တာဟာ မနေ့က ကင်ယိုဂျောင်ရဲ့ သတိပေးချက်ဟာ “စကားသက်သက် မဟုတ်ဘူး” ဆိုတာကို ပြသဖို့ ရည်ရွယ်ပုံရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလို ပစ်လွှတ်တာဟာ တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကြောင်း ပြသတာ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ပတ်သက်ပြီး လတ်တလော ဆွေးနွေးမှုတွေအပေါ် မကျေနပ်ကြောင်း ပြသတာ၊ အပြင်လူတွေအနေနဲ့ ပြုံယမ်းရဲ့ လုံခြုံရေးကိစ္စတွေကို ဝင်ရောက်ခန့်မှန်းတာမျိုးမလုပ်ဖို့ သတိပေးတာ စတဲ့ ရည်ရွယ်ချက်မျိုးစုံ ပါဝင်နိုင်တယ်လို့ သူက ဆိုပါတယ်။

“မြောက်ကိုရီးယားရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မြောက်ကိုရီးယားကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်ဆိုတဲ့ သဝဏ်လွှာပါပဲ” လို့ ယန်းက ပြောခဲ့ပြီး ပိုမိုကောင်းမွန်အောင် မွမ်းမံထားတဲ့ ဒုံးကျည်စနစ်တွေကို စမ်းသပ်ဖို့အတွက်လည်း ဒီပစ်လွှတ်မှုကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

ဒီအပတ်ထဲမှာ ဆိုးလ်မြို့ကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကို လျှော့ချဖို့အတွက် အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ “ရန်လိုတဲ့” မူဝါဒကို စွန့်လွှတ်သင့်တယ်လို့ ပြောခဲ့ပြီး၊ တောင်ကိုရီးယားအနေနဲ့ ဘေဂျင်းနဲ့ ဝါရှင်တန်ကြားမှာ ဘက်မလိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref – Reuters

#မြောက်ကိုရီးယား #တောင်ကိုရီးယား #အမေရိကန် #တာတိုပစ်ဒုံးကျည်
#DeltaNewsAgency #DNA
#နိုင်ငံတာသတင်း