ဧရာဝတီမှာ ရေဘေးကြောင့် နောက်ထပ်သုံးဦးသေဆုံး သေဆုံးသူ ခုနှစ်ဦးထက်မနည်း ရှိလာ

“ရေက တက်တဲ့အပြင် ရေစီးလည်း ပြင်းတယ်။ လမ်းမပေါ်တွေမှာဆိုရင် ရေစီးတအားပြင်းတယ်။ အိုင်သပြုတဝိုက် ရေစီးနဲ့ မျောပါဖို့ အရမ်းသတိထားရမယ်။ ဂရုစိုက်ကြဖို့လိုတယ်”

၁၉၊ ဩဂုတ်။

ဧရာ၀တီတိုင်း ငသိုင်းချောင်းမြို့နဲ့ လေးမျက်နှာမြို့နယ် ခမောက်စုမှာ ရေကြီးမှုကြောင့် ရေစီးနဲ့မျောပါ၊ နစ်မြုပ်သေဆုံးတဲ့ အလောင်းသုံးလောင်း ထပ်တွေ့ခဲ့ရတယ်လို့ မြေပြင်မှာ ကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောကြပါ တယ်။

ဒီနေ့ ဩဂုတ်လ ၁၉ ရက်နေ့နေ့လယ်ပိုင်းမှာ လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာအနီး ကလေးအလောင်းတခု အပါအဝင် အလောင်းနှစ်ခု တွေ့ခဲ့ရတာပါ။

“အလောင်းနှစ်ခုရတာ ဟုတ်ပါတယ်။ အဲဒါအမှန်ပါတယ်။ ကလေးအလောင်း တလောင်းပါတယ်။ ရေစီးနဲ့ မျောပါသွားတာ ဖြစ်နိုင်တယ်။ ဒီနေ့ အလောင်းတွေ့တာ” လို့ မြေပြင်မှာ ကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ငသိုင်းချောင်းမြို့မှာလည်း ဒီနေ့ညနေပိုင်းက အလောင်းတလောင်း ထပ်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၈ ရက်နေ့ညကလည်း ငသိုင်းချောင်းမြို့ပေါ်မှာ ရေနစ်မြုပ်သွားတဲ့ အလောင်းတခု တွေ့ခဲ့ပါသေးတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၇ ရက် ညနေပိုင်းကလည်း ဟင်္သာတမြို့နယ် လဟာပရွာထဲ ရေတက်လာတာကြောင့် ရေနစ်မြုပ်သေဆုံးသူ တဦးရှိခဲ့ပါသေးတယ်။ လေးမျက်နှာမြို့တည့် ငဝန်မြစ်တာဘောင် ကျိုးကျမှုကြောင့် ဧရာ၀တီတိုင်း အတွင်းက လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်းမြို့နယ်တို့မှာ ရေတက်နေတာဖြစ်ပြီး အခု ရက်ပိုင်းအတွင်း ရေပိုတက်ကာ ရေစီးပါ ပြင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေက တက်တဲ့အပြင် ရေစီးလည်း ပြင်းတယ်။ လမ်းမပေါ်တွေမှာဆိုရင် ရေစီးတအားပြင်းတယ်။ အိုင်သပြုတဝိုက် ရေစီးနဲ့ မျောပါဖို့ အရမ်းသတိထားရမယ်။ ဂရုစိုက်ကြဖို့လိုတယ်” လို့ အိုင်သပြုမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ နောက်ထပ် ရေဘေးကူညီပေးနေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ရက် မနက်ပိုင်းမှာ အိုင်သပြုလမ်းဆုံနား ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်ဝေနေခဲ့တဲ့ ငသိုင်းချောင်းဒေသခံ ရေဘေးကူညီသူ လူငယ်တဦး ရေစီးနဲ့မျောပါ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် တာကျိုးပြီး မြစ်ရေတွေ တက်လာချိန် လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရေကြီးနစ်မြုပ်နေတဲ့ အိမ်တအိမ်ရဲ့ အောက်ထပ်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ရုပ်အလောင်းတခု ကူညီရေးအဖွဲ့တွေ ရှာတွေ့ခဲ့ကြပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းကလည်း ရေးဘေးသင့် ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေး ကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် လေးမျက်နှာ အနီးဝန်းကျင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ငသိုင်းချောင်းမြို့နယ်တွေမှာ ရေကြီးနေတာဖြစ်ပြီး တာကျိုးသွားခဲ့တာ ရက် ၂၀ ကြာတဲ့ထိ တာပေါက်မ ပိတ်နိုင်သေးသလို ရေဟာလည်း ဆက်လက်မြင့်တက်နေတာပါ။

လက်ရှိမှာ လေးမျက်နှာမြို့နယ် အိုင်သပြု၊ ငသိုင်းချောင်း၊ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့အနီးဝန်းကျင်တို့မှာ ရေတက်တိုက်ဆက်နေပြီး ရေဘေးရှောင်စခန်းအချို့ပါ ရွေ့ပြောင်းနေရတယ်လို့ ဒေသခံကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

#ဧရာဝတီ #ရေဘေး #လူသေဆုံး #ခုနှစ်ဦး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ