
“အခုတောင် တချို့စခန်းတွေ ရွှေ့နေရတယ်။ ရေဘေးကူညီရေးလာတဲ့ ကားတွေတောင် သွားလို့မရတော့ဘူး”
၁၇ ၊ ဩဂုတ်။
ငဝန်မြစ်ရေပါ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာတာကြောင့် လေးမျက်နှာ တာကျိုးပေါက်က ရေတွေဟာ ငါးသိုင်းချောင်းမှာ ရေအမြင့် ၆ လက်မလောက် ဆက်တက်လာပြီး တမြို့လုံးနီးပါး ရေဖုံးလွှမ်းနေပြီး လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။
“တမြို့လုံးနီးပါးပဲ ရေတက်နေပြီ၊ အမြင့်ပိုင်းတွေတောင် တက်တယ်။ ရေဘေးရှောင်လည်း တိုးလာတယ်။ ရေက ခြောက်လက်မလောက် ထပ်တက်ပါတယ်” လို့ ငါးသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။
ငဝန်မြစ်ကမ်းမှာရှိတဲ့ ငသိုင်းချောင်းမြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁၃ စင်တီမီတာ(၅ လက်မ)ထိ ကျော် လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၅ စင်တီမီတာ(၂ လက်မ)လောက်ထိ ထပ်မြင့်တက်လာနိုင်တယ်လို့ မိုး လေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ ဩဂုတ်လ ၁၇ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်ကို ထုတ်ပြန်ထားပါ တယ်။
အဲဒီလို ရေဆက်တက်နေမယ်ဆိုရင် ရက်ပိုင်းအတွင်းမှာပဲ တမြို့လုံး ရွှေ့ပြောင်းရနိုင်တယ်လို့ ငါးသိုင်းချောင်းမှာ ရေဘေးကူညီပေးနေသူ တဦးက ပြောပါတယ်။

“အခုတောင် တချို့စခန်းတွေ ရွှေ့နေရတယ်။ ရေဘေးကူညီရေးလာတဲ့ ကားတွေတောင် သွားလို့မရတော့ဘူး” လို့ ဆိုပါတယ်။
ငါးသိုင်းချောင်းမြို့ပေါ်မှာ ရေးဘေးသင့်ပြည်သူ တထောင်ကျော်ထိ ရှိနေပြီး နယ်ကျေးရွာတွေမှာလည်း ထောင်ချီထိ ရှိနေတယ်လို့ ကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
ဧရာ၀တီတိုင်းအတွင်း ရေကြီးနေတာဟာ ဒီနေ့နဲ့ဆိုရင် ၁၈ ရက်ထိ ရှိလာပြီဖြစ်ပြီး အစောပိုင်း အလှူရှင်တွေနဲ့ ကူညီရေးအဖွဲ့တွေ အများအပြားရှိခဲ့ပေမယ့် အခုအခါ အကူအညီပေးသူတွေလည်း နည်းလာပြီး အခက်အခဲရှိလာ တယ်လို့ ဆိုကြပါတယ်။
“ဆီကလည်း အလှူရှင်မရှိတော့ ခက်ခဲလာပြီ။ အလှူရှင်တွေလည်း တော်တော်နည်းသွားပြီ” လို့ နောက်ထပ်ရေဘေးကူညီပေးနေသူတဦးက ပြောပါတယ်။
လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာပေါင်ကျိုးကျပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့နယ်တို့ မှာ ရေကြီးနေတာဖြစ်ပြီး ဧရာ၀တီမြစ်ကမ်းဘေးရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့နယ်တို့မှာလည်း မြစ်ရေတက်၊ ကမ်းပါးပြိုကျတာတွေရှိနေတာကြောင့် တာတွေကျိုးပေါက်မယ့်အန္တရာယ်ကိုပါ ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
ဒါ့အပြင် ကျောင်းကုန်း၊ မအူပင်မြို့နယ်တို့မှာလည်း မြစ်ရေတက်ပြီး ကျေးရွာအချို့နဲ့ မြို့ပေါ်ရပ်ကွက်အချို့မှာ ရေ တက်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဇလွန်မြို့နယ်အတွင်းက ညောင်ပင်သာတာနဲ့ တမိုင်ဝန်းကျင်အကွာ ရေပေါက်ကြီးကျေးရွာမှာ မြစ်ကမ်းပါးပြိုကျ လို့ လူနေအိမ် တဆယ်ကျော် အရေးပေါ်ရွှေ့ပြောင်းထားရပါတယ်။
အဲဒီလို စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် ရေပေါက်ကြီးရွာ မြစ်ကမ်းကို လုပ်နေကျအတိုင်း လူအားနဲ့ ဝါးစိုက်၊ သဲဖို့တာထက် နိုင်ငံတော်အဆင့် ပညာရှင်တွေနဲ့ ကာကွယ်ရေးအစီအမံတွေလုပ်ဖို့လိုအပ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ဒေသခံတွေက တင်ပြ၊ တောင်းဆိုနေကြပါတယ်။
အဲဒီဧရာ၀တီမြစ်ထိန်းတာသာ ကျိုးသွားခဲ့ရင် ဧရာ၀တီတိုင်းတခုလုံး ရေလွှမ်းသွားနိုင်တာကြောင့် အရေးတကြီး အချိန်မီ ကာကွယ်ရေးလုပ်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
ဧရာ၀တီမြစ်ကမ်းတလျှောက်ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ပြိုကျ၊ ပျက်စီးတာတွေ နှစ် တိုင်းရှိနေပြီး ဒါတွေဟာ မြစ်ကြောင်းတလျှောက် မြစ်သဲ၊ ကျောက် အလွန်အကျွံစုပ်ယူတာကြောင့်ဖြစ်ကာ စစ်အ စိုးရဟာ အဲဒီလိုမြစ်သဲကျောက်စုပ်ယူတာတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဧရာ၀တီမြစ်ရဲ့ မြစ်လက်တက်မြစ်တဲ့ ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက လေးမျက်နှာမြို့ တည့်တည့် နေရာက ကျိုးကျသွားခဲ့တာဖြစ်ပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေပြီး နှစ်ပတ်ကြာတဲ့အထိ တာ ပေါက်မပိတ်နိုင်သေးတာဖြစ်ပါတယ်။
#ဧရာဝတီတိုင်း #ငါးသိုင်းချောင်း #ရေတက် #ငဝန်မြစ်
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်