ကျောင်းကုန်းမြို့ပေါ်ရပ်ကွက်တွေ ရေစတင်ဝင်ရောက်

“လတ်တလောကတော့ တာရှည်ခံအစားအစာ၊ ခေါက်ဆွဲ၊ ငပိကြော် စတာတွေ လိုနေပါတယ်”

၁၅ ၊ ဩဂုတ်

လေးမျက်နှာတာကျိုးပြီး ငဝန်မြစ်ရေနဲ့ ကျောင်းကုန်းမြို့နယ် ဒါးကမြစ်ရေတွေ တက်လာတဲ့ အခြေအနေတွေ အပြင် ဒေသတွင်းမှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် ကျောင်းကုန်းမြို့ပေါ် ရပ်ကွက်အချို့နဲ့ စိုက်ပျိုးပြီးသား လယ်ယာမြေတွေ ရေစတင်နစ်မြုပ်နေပါတယ်။

“မြစ်ရေ တော်တော်တက်နေပြီ။ စိုးရိမ်ရေမှတ်ထက်တောင် ကျော်လာပြီဖြစ်တယ်။ ဒီထက်နည်းနည်းထပ်တက် လာရင် တမြို့လုံး ရေကြီးမယ့်အခြေအနေမှာရှိနေတယ်” လို့ ကျောင်းကုန်းမြို့ခံတဦးက ပြောပါတယ်။

ဒါးကမြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းတွေကို ရေစတင်ဝင်နေပြီး အမှတ် ၁ ၊ အမှတ် ၂ နဲ့ အမှတ် ၃ ရပ်ကွက်တို့အတွင်း ရေစတက်နေကာ လက်ရှိမှာ မြို့မဈေးရှိ အသားငါးဆိုင်တွေနဲ့ ဟင်းသီးဟင်းရွက် ဆိုင်နေရာတွေကိုလည်း ရေနစ်မြုပ် လာတာကြောင့် ပြောင်းရွှေ့ထားရတယ်လို့ ဆိုပါတယ်။

အမှတ် ၃ ရပ်ကွက် ၊ ကမ်းနားလမ်း တလုတ်ကုန်း၊ ကညင်ပင်နားကနေ တာဦးအထိ လမ်းမပေါ်နဲ့ တလုတ်ကုန်း အလက(ခွဲ)ရှေ့တို့မှာ ရေအမြင့် ၂ ပေလောက်ထိ ရေတက်နေပြီး မြစ်ရေဟာ နောက်ထပ် ၁ ပေလောက် မြင့်တက် လာမယ်ဆိုရင် မြို့ခံတွေပါ ရွေ့ပြောင်းရမယ့် အခြေအနေဖြစ်လာနိုင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

လက်ရှိမှာလည်း ငသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်န၊ ဆေးရုံလမ်းတို့မှာ ရေတက်နေပြီး အိမ်ထောင်စု ငါးရာကျော် ရွေ့ပြောင်းနေကြရပြီဖြစ်ကာ စားနပ်ရိက္ခာတွေ အကူအညီလိုနေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

“လတ်တလောကတော့ တာရှည်ခံအစားအစာ၊ ခေါက်ဆွဲ၊ ငပိကြော် စတာတွေ လိုနေပါတယ်” လို့ မြေပြင်မှာ ကူ ညီပေးနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ငဝန်မြစ်ကမ်းဘေး ငသိုင်းချောင်းမြို့ပေါ်မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ဖို့ ၁၆ စင်တီမီတာ လောက်သာ လိုတော့ပြီး နောက်ထပ် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းနေ ထိုင်သူတွေ ကြိုတင်သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာပေါင်ကျိုးကျပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့နယ်တို့ မှာ ရေကြီးနေပြီး ဧရာ၀တီမြစ်ကမ်းဘေးရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့နယ်တို့မှာလည်း မြစ်ရေတက်၊ ကမ်းပါး ပြိုကျတာတွေရှိနေတာကြောင့် တာတွေကျိုးပေါက်မယ့် အန္တရာယ်ကိုပါ ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

ဇလွန်မြို့နယ်အတွင်းက ညောင်ပင်သာတာနဲ့ တမိုင်ဝန်းကျင်အကွာ ရေပေါက်ကြီးကျေးရွာမှာ မြစ်ကမ်းပါးပြိုကျ လို့ လူနေအိမ် တဆယ်ကျော် အရေးပေါ်ရွေ့ပြောင်းထားရပါတယ်။

အဲဒီလို စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် ရေပေါက်ကြီးရွာ မြစ်ကမ်းကို လုပ်နေကျအတိုင်း လူအားနဲ့ ဝါးစိုက်၊ သဲဖို့တာထက် နိုင်ငံတော်အဆင့် ပညာရှင်တွေနဲ့ ကာကွယ်ရေးအစီအမံတွေလုပ်ဖို့လိုအပ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ဒေသခံတွေက တင်ပြ၊ တောင်းဆိုနေကြပါတယ်။
အဲဒီဧရာ၀တီမြစ်ထိန်းတာသာ ကျိုးသွားခဲ့ရင် ဧရာ၀တီတိုင်းတခုလုံး ရေလွှမ်းသွားနိုင်တာကြောင့် အရေးတကြီး အချိန်မီ ကာကွယ်ရေးလုပ်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ကမ်းတလျှောက်ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ပြိုကျ၊ ပျက်စီးတာတွေ နှစ် တိုင်းရှိနေပြီး ဒါတွေဟာ မြစ်ကြောင်းတလျှောက် မြစ်သဲ၊ ကျောက် အလွန်အကျွံစုပ်ယူတာကြောင့်ဖြစ်ကာ စစ်အ စိုးရဟာ အဲဒီလိုမြစ်သဲကျော်စုပ်ယူတာတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာဝတီမြစ်ရဲ့ မြစ်လက်ထက်မြစ်တဲ့ ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက လေးမျက်နှာမြို့ တည့်တည့် နေရာက ကျိုးကျသွားခဲ့တာဖြစ်ပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေပြီး နှစ်ပတ်ကြာတဲ့အထိ တာ ပေါက်မပိတ်နိုင်သေးပါဘူး။

#ဧရာဝတီ #ကျောင်းကုန်း #ငဝန်မြစ်ရေ #ရေတက်
#DeltaNewsAgency #DNA