
သေနတ်ပစ်ခတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အဆိုပါ ၈တန်းကျောင်းသားရဲ့ ဆိုရှယ်မီဒီယာစာတွေကို သူ့ရဲ့ သူငယ်ချင်းဖြစ်သူက တွေ့ပြီးနောက် ဆရာမတယောက်ဆီ သတင်းပို့ခဲ့တယ်လို့ ကျောင်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
၁၄ ၊ ဩဂုတ်
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လွိုင်ခရိုင်က စာသင်ကျောင်းတကျောင်းမှာ သေနတ်ခြိမ်းခြောက်မှု တခုကြောင့် စာသင်ကြားတာကို ယာယီရပ်နားလိုက်ရပါတယ်။
လွိုင်ပီတယာကွန်းကျောင်းက ၈တန်း ကျောင်းသားတယောက်ဟာ ကျောင်းမှာ သေနတ်လိုက်ပစ်မယ်လို့ သူငယ်ချင်းဖြစ်သူဆီ အွန်လိုင်းကနေ စာပို့ခဲ့တာကို တွေ့ရှိပြီးနောက် ဒီကနေ့ အတန်းတွေကို ရပ်နားလိုက်တာပါ။
အဆိုပါ ကျောင်းသားဟာ ဘန်ကောက်မြို့အနီးမှာ ဩဂုတ် ၇ ရက်က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကို အားကျပြီး အခုလို ခြိမ်းခြောက်တာလို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။
ဒေသခံသတင်းထောက်တွေက ဒီကနေ့ မနက်ပိုင်းမှာ အဲဒီကျောင်းကို သွားရောက်ခဲ့ကြရာမှာ ကျောင်းဟာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေပြီး ကျောင်းအုပ်ချုပ်ရေးမှူးတွေက ကျောင်းဝင်ပေါက်မှာ လုံခြုံရေးအတွက် စောင့်ကြည့်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
သေနတ်ပစ်ခတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အဆိုပါ ၈တန်းကျောင်းသားရဲ့ ဆိုရှယ်မီဒီယာစာတွေကို သူ့ရဲ့ သူငယ်ချင်းဖြစ်သူက တွေ့ပြီးနောက် ဆရာမတယောက်ဆီ သတင်းပို့ခဲ့တယ်လို့ ကျောင်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဲဒီကျောင်းသားဟာ လွန်ခဲ့တဲ့ ၂ လလောက်ကလည်း အစစ်နဲ့တူတဲ့ အရုပ်သေနတ်ကို ကျောင်းယူလာပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားခဲ့တာကြောင့် အရေးယူခံခဲ့ရဖူးတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒါ့ပြင် အဲဒီကျောင်းသားဟာ သေနတ်တွေကို စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိရတာကြောင့် ပိုမိုနီးကပ်စွာ စောင့်ကြည့်နိုင်ဖို့ ကျောင်းအုပ်ကြီးတွေနဲ့ ဆရာတွေဟာ အဲဒီကျောင်းသားရော သူ့မိဘတွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
Manager Online သတင်းရဲ့ ဖော်ပြချက်အရ အဲဒီကျောင်းသားဟာ မကြာသေးမီက သေနတ် အစစ်တလက်ကို သန့်ရှင်းရေးလုပ်နေတဲ့ ဓာတ်ပုံတွေ၊ သေနတ်ကို သူ့နားထင်မှာ ထောက်ထားတဲ့ ပုံတွေနဲ့ ကုတင်ပေါ်မှာ သေနတ်ဘေးမှာ လှဲနေတဲ့ ပုံတွေကို ပို့စ်တင်ခဲ့ကြောင်း သိရပါတယ်။
သောကြာနေ့က ကျောင်းရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ချက်အရ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ အခြေအနေတွေကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အွန်လိုင်းကနေ တရက် စာသင်ပေးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့ပြင် ကျောင်းဝင်းအတွင်း လုံခြုံရေးစနစ်တွေကို တိုးမြှင့်ထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ နီးကပ်စွာ ပေါင်းစပ်ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။
နွန်ထဘူရီ ခရိုင်က ဒက်ဘ်ဆီရင် နွန်ထဘူရီကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတယောက်က သူနဲ့ သူ့ရဲ့ အဘိုးအဘွားအပါအဝင် ကျောင်းဝန်ထမ်း ၅ ယောက်နဲ့ ကျောင်းသားတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ဩဂုတ် ၇ ရက် ဖြစ်စဉ်အပြီးမှာ အစိုးရက တစ်နိုင်ငံလုံးက ကျောင်းတွေကို လုံခြုံရေး တင်းကျပ်ဖို့ အမိန့်ထုတ်ပြန်ထားခဲ့တာပါ။
အဲဒီပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် အနုတင် က သေနတ်ကိုင်ဆောင်ခွင့်၊ ဝယ်ယူခွင့်နဲ့ ယူဆောင်ခွင့် လိုင်စင်တွေ ထုတ်ပေးတာကို ရပ်ဆိုင်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။
Ref – Bangkok Post
#ထိုင်း #သေနတ် #ခြိမ်းခြောက် #ကျောင်းသား #ကျောင်းပိတ်
#DeltaNewsAgency #DNA