
ဆည်မြောင်းအရာရှိတွေက ရေနုတ်မြောင်းတွေကို ရှင်းထားပြီး စိုးရိမ်ရတဲ့နေရာတွေမှာ ရေစုပ်စက်တွေတပ်၊ လူတွေကိုလည်း ၂၄ နာရီလုံး စောင့်ကြည့်ဖို့ တာဝန်ပေးထားပါတယ်။
၁၃ ၊ ဩဂုတ်
မိုးဆက်တိုက်ရွာနေလို့ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ခရိုင်တွေက တာဝန်ရှိသူတွေ အထူးသတိထားနေကြပါတယ်။ မဲခေါင်မြစ်ဘေးက ခရိုင်အတော်များများမှာ ရေဆင်းမြန်အောင်လုပ်တာ၊ ရေစုပ်စက်တွေတပ်တာနဲ့ မြေနိမ့်ပိုင်းမှာနေတဲ့သူတွေကို ရေကြီးတာအတွက် ပြင်ဆင်ထားဖို့ သတိပေးတာတွေ လုပ်နေကြတယ်လို့ Thai PBS သတင်းက ဖော်ပြပါတယ်။
ချင်းမိုင်မှာ မိုးသည်းသည်းမည်းမည်း ဆက်ရွာနေတာကို စောင့်ကြည့်နေပြီး မနေ့က ချင်းဒေါင်း (Chiang Dao) မြို့နယ်မှာ မိုးရေချိန် ၃၆.၁ မီလီမီတာထိ အများဆုံးရွာခဲ့ပါတယ်။ မိုးရွာနေပေမဲ့ မြို့ထဲကဖြတ်စီးတဲ့ ပင်းမြစ်ရေကတော့ တည်ငြိမ်နေပါသေးတယ်။
နဝရတ်တံတားက P1 ရေတိုင်းမှတ်မှာ ရေအမြင့် ၂.၄၀ မီတာရှိပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ၂.၇၀ နဲ့ ၂.၈၀ မီတာကြားထိ အမြင့်ဆုံး ရောက်နိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်ရေမှတ် ၄.၂၀ မီတာအောက် အများကြီး လျော့နည်းနေပါသေးတယ်။ ဆည်မြောင်းအရာရှိတွေက ရေနုတ်မြောင်းတွေကို ရှင်းထားပြီး စိုးရိမ်ရတဲ့နေရာတွေမှာ ရေစုပ်စက်တွေတပ်၊ လူတွေကိုလည်း ၂၄ နာရီလုံး စောင့်ကြည့်ဖို့ တာဝန်ပေးထားပါတယ်။
အရှေ့ဘက် ပိုကျတဲ့ နခွန်ဖနုမ်မှာတော့ မဲခေါင်မြစ်ရေက ၁၁.၉၈ မီတာထိ တက်လာလို့ စိုးရိမ်ရတဲ့အခြေအနေ ရှိနေပါတယ်။ သတိပေးရေမှတ်ရောက်ဖို့ ၂ စင်တီမီတာပဲ လိုပါတော့တယ်။ ခရိုင်တာဝန်ရှိသူတွေက ရေမြန်မြန်ဆင်းအောင် အဓိကနေရာ ၁၃ ခုမှာ ရေစုပ်စက် ၂၆ လုံး တပ်ဆင်ထားပါတယ်။
ဆရီ ဆောင်ခရမ် မြို့နယ်မှာ ရေကြီးလို့ အိမ်ခြေ ၂၀ လောက်နဲ့ စိုက်ပျိုးမြေ ဟက်တာ ၄၈၀ လောက် ရေနစ်မြုပ်နေပြီး မြေနိမ့်ပိုင်းကလူတွေကို သတင်းတွေ သေချာစောင့်ကြည့်ဖို့ သတိပေးထားပါတယ်။
နွန်ခိုင်မှာတော့ မဲခေါင်မြစ်ရေဟာ မနေ့ကတစ်နေ့လုံး ၁၁.၃၁ မီတာမှာ ငြိမ်နေပြီးမှ ညဘက်မှာ စကျလာပါတယ်။ ဒီနေ့မနက်စောစောမှာ ၁၁.၂၀ မီတာထိ ကျသွားပြီး တစ်နာရီကို ၁ စင်တီမီတာကနေ ၃ စင်တီမီတာနှုန်းနဲ့ ကျနေတာပါ။
ဒါပေမဲ့ မြစ်ရေက စည်ပင်ရဲ့ ရေတံခါးတွေထက် မြင့်နေသေးတာမို့ ရေနောက်ပြန်မဝင်အောင် ရေတံခါးတွေကို ပိတ်ထားတုန်းပါပဲ။ စည်ပင်ဝန်ထမ်းတွေက နေရာ ၁၀ ခုမှာ ရေစုပ်စက်တွေတပ်ထားပြီး မိုးထပ်ရွာရင် ရုတ်တရက် ရေမကြီးအောင် ၂၄ နာရီပတ်လုံး အသင့်စောင့်နေကြပါတယ်။
Ref – Thai PBS
#ထိုင်း #မြောက်ပိုင်း #အရှေ့ပိုင်း #မဲခေါင်မြစ် #ရေတက်
#DeltaNewsAgency #DNA