ရေကြီးနေတဲ့ ဧရာဝတီမှာ ဓာတ်ဆီတလီတာ တသောင်းခွဲဝန်းကျင်ထိ စျေးတက်နေ

“ဆီဆိုင်တွေကလည်း တော်ရုံနဲ့ ရောင်းမပေးဘူး။ ပရဟိတအဖွဲ့ ဆိုပေမယ့် ထောက်ခံစာတွေနဲ့မှ ဆီဆိုင်မှာ သတ်မှတ်စျေးနဲ့ ထည့်လို့ရတာ။ အဲတော့ အပြင်ကပဲ ဝယ်ရတာပေ့ါ။ တချို့အဖွဲ့တွေ အဲလို ဝယ်ရတယ်။ အပြင်စျေး အတိုင်းဆို မလွယ်ဘူး၊ တသောင်းကျော်တယ်”

၁၂ ၊ ဩဂုတ်။

စစ်အစိုးရက စက်သုံးဆီ အရောင်းဆိုင်တွေကို ခွဲတမ်းပမာဏ လျှော့ရောင်းနေတဲ့ နောက်ဆက်တွဲ အနေနဲ့ ဧရာ၀တီတိုင်းအတွင်း ဓါတ်ဆီတလီတာကို ကျပ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ လောက်ထိ စျေးတက်နေပါတယ်။

“တဂါလံကို ငါးသောင်း၊ တချို့နေရာတွေမှာ ငါးသောင်းကျော်၊ ခြောက်သောင်းလောက်ထိ ပေးရတယ်။ ရှားလည်း တော်တော် ရှားသွားတယ်။ ရေဘေးအတွက် ဓါတ်ဆီတွေ အများကြီး သုံးရတော့ ဆိုင်တွေမှာလည်း သိပ်မကျန်ဘူး။ အစိုးရကလည်း အများကြီးချမပေးဘူး” လို့ မြန်အောင်မြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စက်သုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ပုသိမ်မြို့အတွက် သတ်မှတ်စျေးနှုန်းဟာလည်း အရင်က တလီတာကို ကျပ် ၃၅၀၀ ဝန်းကျင် ရှိခဲ့ရာကနေ အခုအခါ ၄၀၀၀ ဝန်းကျင်ထိ စျေးတက်သွားခဲ့ပြီး ပြင်ပပေါက်စျေးကတော့ ၁၅,၀၀၀ လောက်ထိ ရှိနေတာပါ။

ရေဘေးကူညီရေးလာတဲ့ ပရဟိတ အဖွဲ့တွေအတွက် စက်သုံးဆီတွေ လှူဒါန်းပေးနေတယ်လို့ ဆိုပေမယ့် အဖွဲ့အများစုဟာ စက်သုံးဆီဆိုင်တွေကနေ QR ကုတ်နဲ့ ခွဲတမ်းဝယ်ယူနေကြရပြီး အချို့ကတော့ ပြင်ပပေါက် စျေးအတိုင်း ဝယ်ကြရတယ်လို့ ဆိုပါတယ်။

စစ်အစိုးရဟာ ဩဂုတ်လ ၆ ရက်နေ့ထိ ဧရာ၀တီရေဘေးအတွက် ဓါတ်ဆီ ၁၅၉၆ ဂါလံနဲ့ ဒီဇယ်ဆီ ၄၂၉ ဒသမ ၅ ဂါလံကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ဆီဆိုင်တွေကလည်း တော်ရုံနဲ့ ရောင်းမပေးဘူး။ ပရဟိတအဖွဲ့ ဆိုပေမယ့် ထောက်ခံစာတွေနဲ့မှ ဆီဆိုင်မှာ သတ်မှတ်စျေးနဲ့ ထည့်လို့ရတာ။ အဲတော့ အပြင်ကပဲ ဝယ်ရတာပေ့ါ။ တချို့အဖွဲ့တွေ အဲလို ဝယ်ရတယ်။ အပြင်စျေး အတိုင်းဆို မလွယ်ဘူး၊ တသောင်းကျော်တယ်” လို့ လေးမျက်နှာမြို့နယ်မှာ ရေဘေးကူညီပေးနေတဲ့ အိုင်သပြုဒေသခံ တဦးက ပြောပါတယ်။

စက်သုံးဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ပုသိမ်မြို့အတွက် သတ် မှတ်စျေးနှုန်းမှာတော့ ဓါတ်ဆီ 92 တလီတာကို ၃၉၂၅ ကျပ်နဲ့ 95 တလီတာကို ၄၀၃၅ ကျပ် ရှိနေတာပါ။
ဒါပေမယ့် စက်သုံးဆီဆိုင်ကြီးတွေဟာ သူတို့ခွဲတမ်းရတဲ့ ဆီတွေထဲက အများစုကို မှောင်ခိုစျေးနဲ့ ပြန်ရောင်းတဲ့ ပြင်ပဆိုင်တွေကို ပြန်ရောင်းနေကြတာကြောင့် အခုလို စျေးအဆမတန် တက်နေရတာလို့ ဒေသခံတွေက ပြောကြပါ တယ်။

အဲဒီလို စက်သုံးဆီ မှောင်ခိုထုတ်ရောင်းသူတွေ အများအပြား ရှိတာကြောင့် မိုးဦးကာလ လယ်သမားတွေ လယ်စ ထွန်ကြရမယ့် အချိန်တုန်းကလည်း စက်သုံးဆီ တလီတာကို ကျပ်ခြောက်ထောင် ဝန်းကျင်ထိ စျေးတက်ခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းကတည်းက စက်သုံးဆီစျေးတွေ စတက်နေခဲ့တာဖြစ်ပြီး အခု ဩဂုတ်လ ဆန်းပိုင်းမှာ တဟုန်ထိုး ထိုးတက်သွားခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အာရှနိုင်ငံတွေကို အဓိက ရိုက်ခတ်လာပြီး စက်သုံးဆီ စျေးကွက်တွေမှာ အခုလို သက်ရောက်မှုတွေ ရှိလာတာပါ။

စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သားမိသားစုတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အခက်ကြုံလာကြရကာ ရေဘေးကူညီရေး အဖွဲ့တွေ အတွက်လည်း အခက်အခဲ ကြုံလာရတာဖြစ်ပါတယ်။

#ဧရာဝတီ #ရေကြီး #ဓာတ်ဆီ #ဈေးတက်
#DeltaNewsAgency #DNA