အင်းယား လှော်ကား ဂျိုးဖြူ ငမိုးရိပ် ကန်တွေရဲ့ အခြေအနေကို စောင့်ကြည့်နေ

“အခုအထိတော့ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားမျိုး မတွေ့ရဘူးဆိုတဲ့ သတင်း ပေးပို့လာတာရှိတယ်”

၁၂ ၊ ဩဂုတ်

အခုရက်ပိုင်းအတွင်း မိုးများပြီး ကန်တွေမှာ ရေသိုလှောင်ပမာဏ တိုးလာတဲ့အတွက် ရန်ကုန်စည်ပင်ဧရိယာထဲက ရေစု၊ရေလှောင် ကန်တွေရဲ့ ကြံ့ခိုင်မှု အခြေအနေကို တိုင်းတာ၊စစ်ဆေးတာတွေကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ(YCDC)က လုပ်ဆောင်နေပါတယ်။

“ကြိုသတိထား စောင့်ကြည့်တဲ့ သဘောပဲ။ မဖြစ်ခင်ကတည်းက စစ်ဆေးထားတာ။ ဖြစ်သွားမှ နောက်ကလိုက် လုပ်ရတာက မလွယ်ဘူးလေ”လို့ YCDC အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုလို ရေသိုလှောင် ပမာဏများလာတာဟာ ကန်တွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်ကျဆင်းစေနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့က အင်းလျားကန်၊ လှော်ကား၊ ဂျိုးဖြူ၊ငမိုးရိပ် စ​တဲ့ ရေလှောင် ကန်တွေကို စောင့်ကြည့် စစ်ဆေးတာတွေ လုပ်နေတာဖြစ်ပြီး ပုံမှန်စောင့်ကြည့်ဖို့ ဌာနဝန်ထမ်းတွေကို အလှည့်ကျ တာဝန်ပေးထားတယ်လို့ သိရပါတယ်။

“အခုအထိတော့ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားမျိုး မတွေ့ရဘူးဆိုတဲ့ သတင်း ပေးပို့လာတာရှိတယ်” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မြို့မှာ သြဂုတ် ၁၀ ရက် ညနေပိုင်းက သံလျင်ရေနံချက်စက်ရုံမှာရှိတဲ့ ရေလှောင်ကန်တခု တာကျိုးပေါက်ခဲ့ပြီး အရေးပေါ် ပြင်ဆင်ရတဲ့ အခြေအနေ ရောက်ရှိခဲ့ပါတယ်။

အခုလည်း တာကျိုးပေါက်ခဲ့တဲ့ ရေလှောင်ကန်ကို စဥ်ဆက်မပြတ် ဆက်လက် စောင့်ကြည့်နေတယ်လို့ အဲဒီ ရေနံစက်ရုံ တာဝန်ကျ ဝန်ထမ်းက ပြောဆိုထားပါတယ်။

Photo-YCDC

#ရန်ကုန် #အင်းလျား #ဂျိုးဖြူ #ငမိုးရိပ်
#DeltaNewsAgency #DNA