
“သူတို့ကတော့ ပိတ်တော့ ပိတ်နေကြပါတယ်။ အင်တိုက်အားတိုက် လုပ်နေကြတာပါပဲ၊ ဒါပေမယ့် အချိန်က ကြာဦးမယ် ထင်တယ်။ မကြာရင်လည်း အနည်းဆုံး ဆယ်ရက်၊ လခွဲလောက်ကြာဦးမယ်ထင်တယ်။ အစကတော့ တပတ်အတွင်း ပိတ်မယ်တို့ဘာတို့ ပြောခဲ့သေးတယ် အစိုးရအဖွဲ့ကလူတွေ”
၁၂၊ ဩဂုတ်။
ကျိုးကျသွားခဲ့တဲ့ ငဝန်မြစ်တာဘောင်ကို ပြန်ပိတ်နိုင်ဖို့အတွက် Sheet Pile ရိုက်ဖို့ သံချောင်း ၂၈၆ ချောင်းရိုက်ရမှာ ဖြစ်ပြီး လက်ရှိမှာ သံချောင်း ၆၉ ချောင်းကိုသာ ရိုက်သွင်းဆောင်ရွက်ရသေးတယ်လို့ စစ်အစိုးရရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“နိုင်ငံတော်အဆင့်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို လမ်းညွှန်ပြီးတော့ တိုင်တွေရိုက်နေတယ်။ အဲဒီပြတ်သွားတဲ့ နေရာကတော့ ပေ ၂၉၀ ပဲရှိတယ်။ ဒါပေမယ့် အဲဒါကို လိပ်ခုံးပုံစံလေး ပေ ၈၉၀ လိပ်ခုံးပုံသဏ္ဍာန်နဲ့ တိုင်ရိုက်မှာပါ” လို့ လေးမျက်နှာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က ပြောပါတယ်။
ဧရာ၀တီတိုင်း လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညက ကျိုးသွားခဲ့ တာဖြစ်ပြီး အဲဒီတာကျိုးမှုနောက်ဆက်တွဲကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်မြို့နယ်တို့အတွင်း မှ ဒေသခံပြည်သူတွေဟာ ရေဘေးဒဏ်ခံနေကြရကာ အဲဒီတာပေါက်ကို ပြန်ပိတ်ဖို့ ကြိုးစားနေတာပါ။
အဲဒီတာပေါက်ကို အချိန်တိုအတွင်း ပြန်ပိတ်နိုင်ရေး လုပ်ဆောင်နေပြီး ရိုက်သွင်းဖို့ ကျန်နေသေးတဲ့ သံ ချောင်းတွေ ကို စက်ယာဉ်၊ ယန္တရားတွေနဲ့ ဆက်လုပ်နေကာ ညဖက်မှာလည်း ဂဟေဆက်(welding) တာတွေ လုပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တာကျိုးပေါက်သွားတဲ့နေရာကို ရေဖိအားလျော့အောင် လိပ်ခုံးပုဏ္ဍာန် ကွေ့ဝိုက်ပြီး သံတိုင်တွေရိုက်ကာ သဲဖို့ပြီး ပိတ်ဖို့ကြိုးစားနေတာလို့ သိရပါတယ်။ တာကျိုးပေါက်ကို ပြန်ပိတ်နိုင်ဖို့ စစ်အစိုးရရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ ဆည်မြောင်းဌာနတို့က ကြိုးစားနေတာဖြစ်ပြီး တာကျိုးသွားခဲ့တာ ၁၃ ရက်ကြာတဲ့အထိ တာမပိတ်နိုင်သေးဘဲ ရေဆက်တက်နေတာဖြစ်ပါတယ်။

“သူတို့ကတော့ ပိတ်တော့ ပိတ်နေကြပါတယ်။ အင်တိုက်အားတိုက် လုပ်နေကြတာပါပဲ၊ ဒါပေမယ့် အချိန်က ကြာဦးမယ် ထင်တယ်။ မကြာရင်လည်း အနည်းဆုံး ဆယ်ရက်၊ လခွဲလောက်ကြာဦးမယ်ထင်တယ်။ အစကတော့ တပတ်အတွင်း ပိတ်မယ်တို့ဘာတို့ ပြောခဲ့သေးတယ် အစိုးရအဖွဲ့ကလူတွေ” လို့ တာပေါက်ပိတ်တဲ့နေရာ သွားကြည့် ထားတဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီတာကျိုးမှုနောက်ဆက်တွဲရေဘေးကြောင့် ပြည်သူသောင်းချီ ရေဘေးသင့်နေပြီး စပါးခင်းဧက သုံးသောင်းကျော်ဟာလည်း ရေမြုပ်နေပြီး ပျက်စီးရမယ့်အခြေအနေမှာ ရှိနေပါတယ်။
ငဝန်မြစ်တာဘောင်ဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာ ဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီတာကျိုးတာဟာ စစ်အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုအားနည်းမှုကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောထား ကြပါတယ်။ ဧရာ၀တီတိုင်းမှာ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ် ထိန်ငူရေကာတာကျိုးပေါက်တုန်းကလည်း နှစ်လခွဲကျော်ကြာ မြင့်ခဲ့ပြီး ပြည်သူတွေ အခက်အခဲများစွာနဲ့ ကြုံခဲ့ကြရပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ရေကာတာကျိုးပေါက်မှုအနည်းဆုံး သုံးကြိမ် ကြုံတွေ့ခဲ့ရပြီး ဧရာ၀တီတိုင်းရဲ့ မြို့နယ် ထက်ဝက်နီးပါး နေအိမ်ရေနစ်မြုပ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကြေ၊ ပျက်စီးတာ၊ လယ်ယာမြေတွေ ရေကြီးနစ် မြုပ်တာတို့နဲ့ ကြုံခဲ့ရကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး ရုံးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတာပါ။
၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
အခုတာကျိုးတာဟာ အာဏာသိမ်းစစ်တပ်နဲ့ စစ်အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်ဖြစ်ပြီး အာဏာ သိမ်းပြီးနောက်ပိုင်း အရင်တုန်းကလို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မရှိခဲ့ဘူးလို့ လေးမျက်နှာမြို့နယ် အိုင်သပြုဒေသ ခံသက်ကြီးပိုင်းအမျိုးသားတဦးက ပြောပါတယ်။
အခုလိုတာတမံကျိုးကျပြီး ရေကြီးမှုဖြစ်စဉ်ဟာ စစ်အစိုးရသစ်ရဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ “ရေကာတာတွေ မကျိုးပေါက်စေရေး တာတမံတွေ ကြံ့ခိုင်ကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆို” အတည်ပြုပြီး တလကျော်အကြာမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က တင်သွင်းခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့လွှတ်တော်အစည်းအ ဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကာ အတည်ပြုခဲ့တာပါ။
အဆိုအတည်ပြုပြီးနောက် တိုင်းအစိုးရအဖွဲ့ဟာ ရေကာတာအချို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ရေကာတာတွေ ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်တာတွေတော့ မတွေ့ခဲ့ရ ဘူးလို့ ဒေသခံတွေက ပြောထားကြပါတယ်။
#ဧရာဝတီတိုင်း #ငဝန်မြစ် #တာကျိုး #ဘာဘောင် #သံချောင်း
#DeltaNewsAgency #DNA