
” ဆေးရုံကြီးတင်မဟုတ်ဘူး။ ကလေးဆေးရုံရော တခြား ပြည်သူ့ဆေးရုံတွေမှာ ဝမ်းပျက်လူနာတွေ တအားများနေတာ ”
၁၂၊ဩဂုတ်
ဝမ်းပျက်၊ဝမ်းလျှောရောဂါ အဖြစ်များနေတဲ့အတွက် ထိန်းချုပ်ကာကွယ်တဲ့ အနေနဲ့ ရန်ကုန်မြို့နယ်ထဲက ဆေးရုံတွေမှာ ထမင်း ၊ ဟင်းချက်လှူတာတွေကို တပတ်ကြာ ဆိုင်းငံ့ထားဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။
“ချက်ပြုတ် လှူဒါန်းတာကို ဆိုင်းငံ့ခိုင်းထားတာပါ။ အလှူရှင်တွေက လှူချင်ရင် ရေသန့်လို ခေါက်ဆွဲခြောက်ထုပ်လို ပစ္စည်းတွေ ပေးလှူလို့တော့ ရတယ် ” လို့ ဦးဆောင်လှူနေသူတဦးကပြောပါတယ်။
ရန်ကုန်မြို့က ဆေးရုံတွေမှာ အလှူရှင်တွေက ဆေးရုံတက်လူနာနဲ့ လူနာစောင့်တွေအတွက် အစားသောက် ချက်ပြုတ် လှူဒါန်းတာတွေ အစဥ်အဆက် လုပ်နေတာဖြစ်ပြီး လက်ရှိ ရောဂါကူးစက်မှု အခြေအနေ ထိန်းချုပ်နိုင်အောင် သတ်မှတ်ရက်အထိ ရပ်နားသွားကြမှာလို့ လှူဒါန်းသူတွေက ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ လသာ ၊ ပန်းဘဲတန်း ၊ လမ်းမတော် ၊ သာကေတ မြို့နယ်တွေမှာ ဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများလာပြီး အထူးသဖြင့် လသာနဲ့ ဆက်စပ်မြို့နယ်တွေက လူနာ ၁၀၀နီးပါး ရုတ်တရက်များပြားလာလို့ ဆေးရုံမှာ လူပြည့်သွားတဲ့ အခြေအနေ ရောက်ရှိခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ သူနာပြုတဦးက ဆိုပါတယ်။
” ဆေးရုံကြီးတင်မဟုတ်ဘူး။ ကလေးဆေးရုံရော တခြား ပြည်သူ့ဆေးရုံတွေမှာ ဝမ်းပျက်လူနာတွေ တအားများနေတာ ” လို့ သူကပြောပါတယ်။
လက်ရှိ ရောဂါအဖြစ်များတဲ့ နေရာတွေမှာရှိတဲ့ အစားသောက်ရောင်းတဲ့ လမ်းဘေးဆိုင်တွေကို ပိတ်ခိုင်းထားသလို ရောဂါဖြစ်သူတွေ နေထိုင်တဲ့ ဝန်းကျင်က အစားအသောက်၊ ရေနဲ့ အသုံးဆောင်တွေကို ဓါတ်ခွဲစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း တိုင်းကျန်းမာရေးဌာနမှတာဝန်ရှိသူတွေဆီက သိရပါတယ်။
#ရန်ကုန် #လသာ #ဝမ်းပျက်ဝမ်းလျှော #လူနာ
#DeltaNewsAgency #DNA