
ဒီလိုပစ်လွှတ်တာဟာ သြဂုတ် ၁၇ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ Ulchi Freedom Shield လို့ခေါ်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာ ဖြစ်ပွားခဲ့တာပါ။
၁၂ ၊ ဩဂုတ်
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး မစခင် ရက်ပိုင်းအလို ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ဘက်ကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ ဒီလို ပူးတွဲစစ်ရေးလေ့ကျင့်မှုမျိုးကို ပြုံယမ်းဘက်က ကန့်ကွက်ရှုတ်ချလေ့ရှိတာ ကြာပါပြီ။
တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရုံး (JCS) ရဲ့ အဆိုအရ အဲဒီဒုံးကျည်ကို မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်း ဝေါန်ဆန်း ဒေသကနေ မနက် ၆ နာရီဝန်းကျင်မှာ ပစ်လွှတ်ခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၆ရက်ကပဲ အဲဒီဒေသကနေ ပဲ့ထိန်းဒုံးကျည်တစင်းပစ်လွတ်ခဲ့ပါသေးတယ်။
ဒီလိုပစ်လွှတ်တာဟာ သြဂုတ် ၁၇ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ Ulchi Freedom Shield လို့ခေါ်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှု မစခင်လေးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ပြုံယမ်းရဲ့ တိုးတက်လာတဲ့ နျူကလီးယားနဲ့ လက်နက်စွမ်းရည်တွေကို တုံ့ပြန်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဆိုးလ်မြို့အခြေစိုက် ကိုရီးယားအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအဖွဲ့ (KINU) ရဲ့ အကြီးတန်းသုတေသနအရာရှိ ဟောင်မင်း ကတော့ ဒီလိုပစ်လွှတ်တာဟာ မြောက်ကိုရီးယားရဲ့ လက်နက်ဖွံ့ဖြိုးရေး အစီအစဉ်အရ ဖြစ်နိုင်ပေမဲ့၊ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မစခင် သတင်းစကားပါးချင်လို့ အချိန်ကိုက် ရွေးချယ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“စမ်းသပ်ဆဲ လက်နက်တစ်ခုကို စမ်းသပ်တာဆိုရင်တောင်မှ ဘယ်အချိန်မှာ ပစ်မလဲဆိုတာက နိုင်ငံရေးအရ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်” လို့ ဟောင် က ပြောပါတယ်။
တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ အဆိုအရ မြောက်ကိုရီးယားဟာ သြဂုတ် ၆ ရက်တုန်းကလည်း ဝေါန်ဆန်းကနေ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြုံယမ်း အစိုးရသတင်းမီဒီယာတွေမှာတော့ အဲဒီပစ်လွှတ်မှုကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဟောင် ရဲ့ ပြောကြားချက်အရ အဲဒီစမ်းသပ်မှုဟာ ရည်မှန်းချက်အတိုင်း မအောင်မြင်ခဲ့တာ ကြောင့် ဖြစ်နိုင်ပါတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ
အမြောက်ဒုံးပျံတွေနဲ့ အခြား နည်းဗျူဟာမြောက် လက်နက်တွေအပါအဝင် စမ်းသပ်မှု တော်တော်များများကို ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ သုံးသပ်ချက်တွေအရ ဗုဒ္ဓဟူးနေ့က ပစ်လွှတ်မှုဟာ ၂၀၂၆ ခုနှစ်အတွင်း ၁၁ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုလို့ ယူဆရပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံလုံးက ဒီပစ်လွှတ်မှုကို ရှုတ်ချခဲ့ကြပါတယ်။
Ref – Reuters
#မြောက်ကိုရီးယား #ပဲ့ထိန်းဒုံးကျည် #ပစ်လွှတ် #စမ်းသပ်
#DeltaNewsAgency #DNA