
“မီတာပုံးရွှေ့ပြီးမှ တကယ်ကျသင့်တဲ့ မီတာခ ဟုတ်မဟုတ် ပြန်စစ်ကြည့်ရမှာ။ အခုက ပြောင်းရွှေ့ဖို့ တင်ထားတုန်း”
၁၁၊ဩဂုတ်
မီတာခနဲ့ပတ်သက်လို့ အငြင်း ပွားနေရတာတွေ လျော့နည်းအောင်ဆိုပြီး ဓာတ်တိုင်မှာ တပ်ဆင်ထားတဲ့ မီတာတွေကို နေအိမ်ရှေ့ တွေကို တခါပြန် ရွှေ့ပြောင်းတပ်ဆင်နေပါတယ်။
“မီတာဖတ်တာမမှန်ဘူး။ မီတာခပိုကုန်နေတယ်ဆိုပြီး သံသယမကင်းဖြစ်တာတွေ ပြေလည်သွားအောင်ရည်ရွယ်တာ ” လို့
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း(YESC)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီဓာတ်တိုင်တွေမှာ တပ်ဆင်ထားတဲ့ မီတာပုံးတွေကို နေအိမ်ဥပစာမှာ ရွှေ့ပြောင်း တပ်ဆင်ချင်တဲ့ မီးအသုံးပြုတွေရဲ့ ဆန္ဒပြုစာရင်း ပေးထားတဲ့ အစဥ်လိုက် တပ်ဆင်ပေးသွားမှာလို့ YESC က အသိပေးထားပါတယ်။
အရင်က ဓာတ်တိုင်တွေမှာ တပ်ဆင်ထားတဲ့ အိမ်သုံးမီတာ၊ပါဝါမီတာတွေကို အလွယ်တကူ ဖတ်ရူနိူင်မယ့် အိမ်ရှေ့ဥပစာ ရေ၊မိုးကင်း လွတ်တဲ့နေရာ အမြင့်၆ပေလောက်မှာ ပြောင်းရွှေ့တပ်ဆင်သွားမှာလို့ ဆိုပါတယ်။
အခုပြန်လည် တပ်ဆင်တဲ့အခါ Service Wire ကိုမလဲရအောင် အတတ်နိုင်ဆုံး သတိထားလုပ် ဆောင်မှာဖြစ်ပြီး မီတာပုံးခွံ၊ Breaker နဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူရမယ့် ကုန်ကျငွေကို ဓာတ်အားသုံးစွဲသူက ကျခံရမှာလို့ အသိပေး ထားပါတယ်။
“မီတာပုံးရွှေ့ပြီးမှ တကယ်ကျသင့်တဲ့ မီတာခ ဟုတ်မဟုတ် ပြန်စစ်ကြည့်ရမှာ။ အခုက ပြောင်းရွှေ့ဖို့ တင်ထားတုန်း” လို့ မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက်မှာ နေသူတဦးက ပြောပါတယ်။
မီတာပြောင်းရွှေ့ တပ်ဆင်လိုတဲ့ သူတွေအနေနဲ့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှာ အဆို ပြုစာရင်း ပေးသွင်းရမှာ ဖြစ်ပြီး စာရင်းမှတ်တမ်း Register အတိုင်းဆောင်ရွက်ပေးသွားမှာလို့ သိရပါတယ်။
အဲဒီလို မီတာပုံးပြောင်းရွှေ့တာက မီးသုံးစွဲသူတွေနဲ့ မီတာခ အငြင်းပွားရတာ လျော့နည်းစေတာအပြင် ဓာတ်အားပျောက်ဆုံးမှု နည်းစေမှာ ဖြစ်တယ်လို့ YESCက ဆိုပါတယ်။
Photo – YESC