
၅၊ ဩဂုတ်။
ငဝန်မြစ်ရဲ့ ရေကာတာ တခုဖြစ်တဲ့ မြစ်ကျိုးတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ ၊ ဟင်္သာတ ၊ ရေကြည် ၊ ကျုံပျော် စတဲ့မြို့နယ်တွေမှာ ရေဘေးအန္တရယ် ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ စစ်တပ်က ဧရာဝတီတိုင်းအတွင်းမှာ ထိုးစစ်ဆင်တာတွေ နေ့စဉ်ပြုလုပ်နေပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာ ရေကြည်မြို့နယ်ထဲက ရုံးပင်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၃.၃ ကီလိုမီတာအကွာမှာ မနက် ၁၁ နာရီ ၅၀ မိနစ်ကနေ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အထိ စစ်တပ်ဘက်က ဒရုန်းနဲ့ မြေပြင်ပစ်ကူ အများအပြားသုံးပြီး ထိုးစစ်ဆင်လာတယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၄ ရက်နေ့ကလည်း ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ် အစပ်က စက်ဒေါင့်ကြီး ဘက်မှာလည်း ဂျက်တိုက်လေယဉ်တွေနဲ့ ဗုံးကျဲသွားတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
“မနေ့က နေ့ခင်းဘက် ၁၂ နာရီလောက် ၃၄၄ အထက် ရိုးပေါ်ဘက်မှာ ဂျက်သုံးစီးနဲ့ လာချတယ်။ ပေါက်ကွဲသံ သုံးချက် ကုန်းပြင်ကပါ ကြားရတယ်”လို့ ကုန်းပြင်မှာ စစ်ရှောင်နေတဲ့ ဦးကျော်သန်းက ပြောပါတယ်။
ရခိုင် – ဧရာ၀တီအစပ်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေ့စဉ်နီးပါးရှိနေပြီး စစ်တပ်ဘက်က အကျအဆုံး၊ အထိအခိုက်များကာ တပ်ပျက်ထွက်ပြေးနေရပြီး အလောင်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခ တပ်တော် (AA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
“တိုက်ပွဲမရှိသော နေ့ရက်ဟူ၍ မရှိသလောက်ဖြစ်ခဲ့ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များမှာ နေ့စဉ်နီးပါး တနေရာရာ၌ ရှိ နေဆဲဖြစ်သည်” လို့ ဆိုပါတယ်။
ပုသိမ်အခြေအစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ကနေ အင်အားထပ်ဖြည့်ထားပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်ဘက်ဆီ ဝင်ရောက်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ AA တို့ဟာ ဩဂုတ်လ ၂ ရက်နေ့မှာ ရေကြည်မြို့နယ် ရုံးပင်ကျေးရွာအနီးဝန်းကျင် နေရာနှစ်ခုမှာ နှစ်နာရီနီးပါးကြာ ရှေ့ ဆင့်နောက်ဆင့်တိုက်ပွဲဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ ခွေးတွေ ထိုးလာလို့ပဲ ဖြစ်တာပါ။ ကိုယ့်ဘက်က စခန်းတွေ တက်သိမ်းတဲ့ အနေအထား မဟုတ်ဘူး။ ဒီကောင်တွေက ရေဘေးနဲ့လည်း မရှောင်ပါဘူး၊ ဒီနေ့ထိလည်း အင်အားဖြည့်နေတာရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ ကိုဦးဆန်းက ပြောပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့တည့်တည့် င၀န်မြစ်တာဘောင်ကျိုးမှုကြောင့် လေးမျက်နှာအပြင် ရေကြည်၊ ကျုံပျော်မြို့နယ်တွေထိပါ ရေကြီးနေပြီဖြစ်ပေမယ့် စစ်တပ်ကတော့ ရေကြည်မြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေဆီ အင်အားဖြည့်၊ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။