၂၄ နာရီအတွင်း ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တပေကျော်မယ်

ဒီနေ့မနက်ပိုင်းမှာပဲ ပဲလူးမြစ်ရေဟာ စိုးရိမ်ရေအမှတ် အထက်ကို ရောက်လာပြီး နောက် ၂၄ နာရီအတွင်း တပေထပ်တက်နိုင်တဲ့အတွက် မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းဘေး နေထိုင်သူတွေအတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

မွန်းတည့်ချိန် တိုင်းတာချိန်မှာတော့ စိုးရိမ်ရေအမှတ်ထက် ၁ စင်တီမီတာ ရောက်ရှိနေပြီဖြစ်ပါတယ်။

မြစ်ရေ မြင့်တက်လာတာနဲ့အမျှ အနိမ့်ပိုင်း နေရာတွေမှာ ရေဝင်ရောက်မှု များလာတာကြောင့် ရေဝင်ပေါက်တွေ ပိတ်တာ၊ လိုအပ်တဲ့ ရွှေ့ပြောင်းမှုတွေ လုပ်နေရပြီး မြစ်ရေအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်တာမျိုးတွေ လုပ်နေတယ်လို့  ပဲခူးမြို့ပေါ်က လူမှုကူညီရေး အသင်းအဖွဲ့တွေက ဆိုပါတယ်။

“ရေထပ်တက်လာတယ် ဆိုပေမယ့် အရမ်းကြီး စိုးရိမ်ရတဲ့ အခြေအနေတော့ မရောက်သေးဘူး။ အောက်ရေ ထောက်တာမို့လို့ နောက်နှစ်ရက်၊သုံးရက်လောက်ဆို ပြန်ကျမယ် မျှော်လင့်ရတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးကတော့ မှတ်ချက်ပေးပါတယ်။

နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ ပဲခူးမြို့ရဲ့အနိမ့်ပိုင်း ၅ နေရာလောက်မှာ လေးပေလောက်အထိ ရေဝင်ရောက်မှုရှိနေပြီး အိမ်ခြေ ၅၀၀ နီးပါး ရေဝင်ရောက် နစ်မြုပ်တဲ့ အခြေအနေ ရှိနေတယ်လို့ အရပ်ဖက် လူမှုအဖွဲ့စည်းတွေက အသိပေးထားပါတယ်။