
“ဘဏ်ဖွင့်ချိန်ထက်ဝက်အောင် မီးမလာဘူး။ ဆိုလာရှိတဲ့ဘဏ်တွေပဲ လည်တယ်။ တချို့ ဘဏ်တွေ အချိန်ပြည့် မီးစက်မနိုးကြတော့ဘူး”
၂၉၊ ဇူလိုင်။
လျှပ်စစ်မီး မမှန်သလို စက်သုံးဆီလည်း စျေးအလွန်တက်ပြီး၊ ဝယ်ရခက်တဲ့ အခြေအနေတွေကြောင့် ဧရာ၀တီတိုင်းအတွင်းက ဘဏ်တွေဟာ ပုံမှန်ဘဏ်ဖွင့်ချိန်တွေမှာတောင် ဘဏ်လုပ်ငန်းတွေ အချိန်ပြည့် လည်ပတ်နိုင်ခြင်းမရှိဘဲ ငွေအလွှဲ၊ အထုတ် လုပ်သူတွေလည်း အခက်တွေ့နေကြပါတယ်။
ဓါတ်ဆီတလီတာကို ကျပ်တသောင်းဝန်းကျင်နဲ့ ဒီဇယ်တလီတာကို ကျပ်တသောင်းနှစ်သောင်းဝန်းကျင်ထိ စျေးတက်နေတာပါ။ “ဒီနေ့ထိတော့ မီးစက်နိုးပေးပါသေးတယ်။ ရှေ့ဆက်လည်း ဒီလိုဆိုရင်တော့ မပြောတတ် တော့ဘူး။ ဆီစျေးက တော်တော်တက်နေတယ်” လို့ ဧရာ၀တီတိုင်း ပုသိမ်မြို့မှ ပုဂ္ဂလိကဘဏ်တခုရဲ့ ဝန်ထမ်းတဦး က ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ မီးလည်း မမှန်တာကြောင့် အချို့ဘဏ်တွေဆိုရင် ပုံမှန်မလည်ပတ်နိုင်ကြဘူးလို့ ဒေသခံ တွေက ပြောကြပါတယ်။ “ဘဏ်ဖွင့်ချိန်ထက်ဝက်အောင် မီးမလာဘူး။ ဆိုလာရှိတဲ့ဘဏ်တွေပဲ လည်တယ်။ တချို့ ဘဏ်တွေ အချိန်ပြည့် မီးစက်မနိုးကြတော့ဘူး” လို့ ပုသိမ်ဒေသခံတဦးက ပြောပါတယ်။
ပုသိမ်နဲ့ အခြားမြို့တွေမှာရှိတဲ့ ကမ္ဘောဇဘဏ် အပါအဝင် အခြားဘဏ်အချို့မှာလည်း အဲဒီလိုလျှပ်စစ်မီး ရချိန်မှာသာ ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပြီး ကျန်အချိန်တွေ မရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်တော့တာကြောင့် ငွေလွှဲ၊ ငွေထုတ်လုပ်လိုသူတွေဟာ အပြင်က ငွေ လွှဲ၊ ငွေထုတ်အေးဂျင့်တွေဆီမှာသာ အလွှဲ၊ အထုတ် လုပ်နေကြရတယ်လို့လည်း ပြောကြပါတယ်။
ဘဏ်တွေအနေနဲ့ စက်သုံးဆီတွေကို အစိုးရသတ်မှတ်စျေးနဲ့ အလွယ်တကူဝယ်မရကြတော့တာကြောင့် အခုလို ဘဏ်လုပ်ငန်းတွေ အချိန်မှန် မလုပ်ပေးတော့တာဖြစ်တယ်လို့ သိရပါတယ်။
“အပြင်ပေါက်စျေးတွေ ကျတော့လည်း မှောင်ခိုစျေးတွေကျတော့လည်း မဝယ်နိုင်ဘူးပေ့ါ” လို့ ဘဏ်လုပ်ငန်းရှင်နဲ့ နီးစပ်တဲ့ ဟင်္သာတဒေသခံတဦးက ပြော ထားပါတယ်။
စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်လာပြီးနောက် စစ်အစိုးရဟာ ဆီဆိုင်တွေကို အရင်တုန်းကလိုမျိုး ဆီအပြည့် ထုတ်မရောင်းတော့ဘဲ ပမာဏ လျော့ရောင်းနေတာ ဖြစ်ပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေတာကြောင့် ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာအပြင် ဧရာ ဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ ကယ်ရီဆွဲသူတွေရဲ့ စားဝတ်နေရေးကိုလည်း တိုက်ရိုက် ခြိမ်းခြောက်လာနေပါတယ်။
စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ပုသိမ်မြို့အတွက်
သတ်မှတ်စျေးနှုန်းမှာတော့ ဓါတ်ဆီ 92 တလီတာကို ၃၄၃၀ နဲ့ 95 တလီတာကို ၃၅၄၀ သာရှိနေတာပါ။ ဒါပေမယ့် စက်သုံးဆီဆိုင်ကြီးတွေဟာ သူတို့ခွဲတမ်းရတဲ့ ဆီတွေထဲက အများစုကို မှောင်ခိုစျေးနဲ့ ပြန်ရောင်းတဲ့ ပြင်ပဆိုင် တွေကို ပြန်ရောင်းနေကြတာကြောင့် အခုလို စျေးအဆမတန် တက်နေရတာလို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလို စက်သုံးဆီမှောင်ခိုထုတ်ရောင်းသူတွေ အများအပြားရှိတာကြောင့် မိုးဦးကာလ လယ်သမားတွေ လယ်စထွန်ကြရမယ့် အချိန်တုန်းကလည်း စက်သုံးဆီ တလီတာကို ကျပ်ခြောက်ထောင်ဝန်းကျင်ထိ စျေးတက်နေခဲ့ပါ တယ်။