အာဆီယံအနေနဲ့ အမေရိကန်ရဲ့ အငှားပါးစပ်အဖြစ် အသုံးချမခံရအောင် သတိထားသင့်တယ်လို့လည်း ထပ်လောင်းပြောသွားခဲ့ပါသေးတယ်။
၂၇ ၊ ဇူလိုင်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဩဇာညောင်းတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး တောင်းဆိုမှုနဲ့ ပတ်သတ်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဆွေးနွေးပွဲမှာ ပြုံယမ်းရဲ့ နျူကလီးယားလက်နက် စမ်းသပ်ပစ်လွှတ်မှုတွေကို စိုးရိမ်ကြောင်းနဲ့ နျူကလီးယားကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးကို ဖော်ဆောင်ဖို့ ကိစ္စတွေကို အလေးပေးပြောခဲ့ကြပါတယ်။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေ ကြားကပဲ သူ့ရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်တာတွေနဲ့ ပတ်သတ်လို့ ကာလရှည်ကြာ အခိုင်အမာ ပြောဆိုလာခဲ့တာပါ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ မြောက်ကိုရီးယားဟာ နျူကလီးယားပိုင်ဆိုင်ခွင့်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါသေးတယ်။
အစိုးရသတင်းဌာန KCNA က ထုတ်ပြန်တဲ့ သတင်းမှာ ကင်ယိုဂျုံက မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုကာ ‘နျူကလီးယားစွန့်လွှတ်ရေး’ ဆိုတဲ့ အမေရိကန်ရဲ့ ကြွေးကြော်သံ နောက်လိုက်နေတဲ့ ဒီဆွေးနွေးပွဲရဲ့ ရန်လိုတဲ့ သဘောထားအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
သဘောတရားအရရော လက်တွေ့မှာပါ အဓိပ္ပါယ် မရှိတော့တဲ့ ‘ကိုရီးယားကျွန်းဆွယ် နျူကလီးယားစွန့်လွှတ်ရေး’ ကို အခုထိ ဖက်တွယ်ထားတာဟာ မဟာဗျူဟာကျကျတွေးခေါ်မှု ကျရုံးတာဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ အမေရိကန်ရဲ့ အငှားပါးစပ်အဖြစ် အသုံးချမခံရအောင် သတိထားသင့်တယ်လို့လည်း ထပ်လောင်းပြောသွားခဲ့ပါသေးတယ်။
မြောက်ကိုရီးယားရဲ့ ပြန်ကြားရေးနဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ ကင်ယိုဂျုံက ဇွန်လတုန်းကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ဟာ “နောက်ပြန်လှည့်လို့ မရတဲ့ လမ်းစဉ်” ဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါသေးတယ်။
၂၀၁၉ခုနှစ် နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ရေးနဲ့ ပတ်သတ်ပြီး ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြား ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ပြီးတဲ့နောက်မှာတော့ ပြုံယမ်းဟာ သူတို့ကိုယ်သူတို့ “နောက်ပြန်လှည့်လို့မရတော့တဲ့” နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် မကြာခဏ ကြေညာခဲ့တာ ဖြစ်ပါတယ်။
Ref – AFP