စက်စက်ယိုကျေးရွာမှာ မိုင်းနင်းမိလို့ စစ်ရှောင် တဦးသေ၊ တဦး ဒဏ်ရာရ

“သူတို့ထွက်သွားပေမယ့် ပြန်ဝင်တဲ့သူတွေ ထိခိုက်အောင် တမင်ကို မိုင်းတွေ ထောင်ကြတယ် ဒီကောင်တွေက။ ချင်းကုန်းတို့၊ ၃၄၄ တို့ဘက်မှာလည်း မိုင်းတွေအများကြီးပဲ” လို့ ဧရာ၀တီတိုင်း ငသိုင်းချောင်းဒေသခံတဦးက ပြော ပါတယ်။

၂၇၊ ဇူလိုင်။

ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာ အုပ်စုထဲက စက်စက်ယိုကျေးရွာ အနီးတဝိုက်မှာ ဇူလိုင်လ ၂၄ ရက်နေ့က မြေမြုပ်မိုင်း နင်းမိပြီး ဟင်းစားရှာထွက်တဲ့ စစ်ဘေးရှောင်တဦး သေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့ပါတယ်။

“စစ်ရှောင်တွေဆိုတော့ စားစရာမရှိလို့ အုပ်စုလိုက် ဟင်းသွားရှာကြတာ ပြောတယ်။ လယ်ကွင်းအစပ်မှာ ပေါက်တာ မိုင်းက။ စစ်တပ်နေခဲ့တဲ့ နေရာတွေပါ။ ရွာနားတွေမှာရော စခန်းပတ်လည်တွေရော မိုင်းထောင်ထားခဲ့တာ မနည်းဘူး။ အရင်ကလည်း မိုင်းတွေ ပေါက်လို့ ကျွဲနွားတွေ သေတာရှိခဲ့တယ် ဒီဘက်မှာ” ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။

ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးက စက်စက်ယိုကျေးရွာ အနီးတဝိုက်မှာ ရှိတဲ့ လယ်ကွင်းထဲ ကန်စွန်းရွက်သွားခူးရင်း အခုလို မိုင်းနင်းခဲ့မိကြတာပါ။ သေဆုံးဒဏ်ရာ ရခဲ့သူတွေဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ စစ်ရှောင်ရောက်နေသူတွေလို့ သိရပါတယ်။

သူတို့တွေဟာ ၂၀၂၄ ခုနှစ်ကတည်းက လေးမျက်နှာမြို့နယ်ထဲကို စစ်ရှောင်ရောက်နေကြသူတွေ ဖြစ်ပါတယ်။ သေဆုံးခဲ့တာက ဒေါ်သေးသေးနဲ့  ဒဏ်ရာရခဲ့သူကတော့ ဒေါ်အငယ်မလို့  ဂွမြို့နယ်က စစ်ဘေးရှောင် တဦးက အတည်ပြုပါတယ်။

အရင်က စက်စက်ယိုမှာ စစ်တပ်က အထိုင်ချနေထိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်းမှာ ဒေသခံတချို့နဲ့ စစ်ဘေးရှောင်တွေ ပြန်လည်အခြေချ နေထိုင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စက်စက်ယို ကျေးရွာအနီးဝန်းကျင်တွေကို စစ်တပ်စခန်း မရှိတော့ပေမယ့် လက်ကျန် မြေမြုပ်မိုင်းတွေကိုတော့ အပြည့်အဝ ရှင်းလင်းနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ထွက်သွားပေမယ့် ပြန်ဝင်တဲ့သူတွေ ထိခိုက်အောင် တမင်ကို မိုင်းတွေ ထောင်ကြတယ် ဒီကောင်တွေက။ ချင်းကုန်းတို့၊ ၃၄၄ တို့ဘက်မှာလည်း မိုင်းတွေအများကြီးပဲ” လို့ ဧရာ၀တီတိုင်း ငသိုင်းချောင်းဒေသခံတဦးက ပြော ပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ မြေမြုပ်မိုင်းတွေအပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း သေဆုံး၊ ထိခိုက်သူတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီး အထိုင်ချစခန်း တွေကနေ ရမ်းသမ်းပစ်ခတ်တာကြောင့် ဘုရားကြီးကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ငသိုင်းချောင်းမြို့နယ်နဲ့အစပ် လေးမျက်နှာမြို့နယ် ချင်းကုန်း၊ သီတာကုန်းပြင်တဝိုက်နဲ့ ရေကြည်မြို့ နယ်နဲ့ သာပေါင်းမြို့နယ်အစပ်တွေမှာ  တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်တွေ ထပ်တိုးလာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။