ရန်ကုန်မှာ ကြေညာထားတာထက်ပိုပြီး ရေပြတ်မှုကြုံနေ

“ရေပြတ်မယ်ဆိုလို့ ရေမောင်းတင်ကြတာများလို့လား၊ ကြိုပြီးရေပေးတာ ရပ်လိုက်လို့လား မပြောတတ်ဘူး၊ နေ့လယ် ၁၁ လောက်ကတည်းက ရေမလာတော့တာ” လို့ ပန်းဘဲတန်းမြို့နယ်မှာနေသူတဦးက ပြောပါတယ်။

၂၈၊ဇူလိုင်

သောက်သုံးရေ ပြတ်တောက်မယ်လို့ ကြေညာထားတဲ့ ရက်ထက်စောပြီး ရေမလာတော့သလို ရေပြတ်ချိန်ကလည်း အရင်ကထက် ပိုကြာနေတဲ့အတွက် ရန်ကုန်မြို့မှာ နေထိုင်သူတွေ အခက်အခဲတွေ့နေကြပါတယ်။

“ရေပြတ်မယ်ဆိုလို့ ရေကြိုတော့ ဖြည့်ထားတယ်။ မနက်က ထပ်ဖြည့်ဖို့ လုပ်တော့ မလာတော့ဘူး။ အခုညနေအထိ ရေပြန်မလာသေးတာ” လို့ အင်းစိန်မြို့နယ်မှာနေသူတဦးက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမူ)က လှော်ကားရေပေးဝေရေးစခန်းအတွက် အသုံးပြုနေတဲ့ဓာတ်အားလိုင်းချို့ယွင်း​နေတာကို ရေတွန်းစက်တွေရပ်ပြီးပြင်ဆင်မှာဖြစ်လို့ ဇူလိုင်၂၇ရက်မှာ၁၆မြို့ နယ်ရေပြတ်လပ်မူရှိမယ်လို့ ကနဦးအသိပေးထားတာ ဖြစ်ပါတယ်။

ရေတွန်းစက်တွေကို နေ့လယ်၁နာရီကနေ  ၃ နာ ရီအထိ ရပ်နားထားမှာဆိုပြီး ကြေညာထားပေမယ့် တချို့မြို့နယ်တွေမှာ  မနက်ပိုင်းလောက်ကတည်းက ရေမလာတာကြုံခဲ့ရတယ်လို့မြို့ခံတွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ စည်ပင်သာယာ နယ်နမိတ်အဖြစ်  သတ်မှတ်ထားတာ ၃၃ မြို့နယ်ရှိ​ပြီး အဲဒီထဲက ၁၆ မြို့နယ်မှာ ရေပြတ်တောက်မယ်ဆိုပြီး သက်ဆိုင်ရာဌာနက အသိပေးထားတာပါ။

“ရေပြတ်မယ်ဆိုလို့ ရေမောင်းတင်ကြတာများလို့လား၊ ကြိုပြီးရေပေးတာ ရပ်လိုက်လို့လား မပြောတတ်ဘူး၊ နေ့လယ် ၁၁ လောက်ကတည်းက ရေမလာတော့တာ” လို့ ပန်းဘဲတန်းမြို့နယ်မှာနေသူတဦးက ပြောပါတယ်။

စည်ပင်က ရေပြတ်တာ၊ ရေအားလျော့နည်းတာ ​ကြုံရမယ်ဆို​ပြီး ကြေညာထားတဲ့ မြို့နယ်တွေက မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊လှိုင်၊ လှိုင်သာယာ(စက်မှုဇုန်)၊ အင်းစိန်၊ကမာရွက်၊ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်တို့ ဖြစ်ပါတယ်။

အခု ၁၆ မြို့နယ်မှာ ရေပြတ်မှာကို  ကနဦးအသိ ပေးထုတ်ပြန်ထားခဲ့ပေမယ့် လှော်ကားရေ လှောင်ကန်မှာ ဇူလိုင် ၂၆ ရက် ည ၇ နာရီမှာ နှစ်နာရီနီးပါးကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို ငမိုးရိပ် ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) မှာလည်း ဇူလိုင် ၂၆ ရက် မနက်ပိုင်းက နာရီဝက်ကျော် လျှပ်စစ်မီး ပြတ်ခဲ့တာကြောင့် ရေတွန်းစက်တွေ ရပ်နားခဲ့ရပြီး မြို့နယ်အချို့ ရေအားနည်းမှု   ကြုံခဲ့ရတာလို့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထပ်ပြီး အသိပေးထုတ်ပြန်ထားပါတယ်။