ကားစုတ်တွေနဲ့ လက်ပူတိုက်ပြေးနေရတဲ့ YBS

“ကားက မကောင်းတော့ မောင်းတဲ့သူလည်း ပိုပင်ပန်းတယ်။ ကိုယ့်ကားမထွက်နိုင်လို့ ဝင်ငွေထိခိုက်ရတာတွေလည်း ရှိတယ်” လို့ ၄၂ ယာဥ်လိုင်းမှ ယာဥ်မောင်းတဦးက ပြောပါတယ်။

၂၇၊ဇူလိုင်

ရန်ကုန်မြို့မှာ လိုင်းကားစီးတဲ့ ခရီးသည်တိုးလာပေမယ့် ကားတွေရဲ့ ကြံ့ခိုင်မှု ကျဆင်းပြီး မပြေးဆွဲနိုင်ပဲ ပြင်ဆင်နေရတဲ့ ကးစီးရေများလာတာကြောင့် ဝန်အားမမျှတဲ့အ ခြေအနေကြုံနေရပါတယ်။

” အရင်ကားအဟောင်းတွေမပြောနဲ့ နောက် ဆုံးအသစ်ထည့်ထားတဲ့ကားတွေတောင် တော်တော်စုတ်နေပြီ။ ကားတွေကပြင်လိုက်ဆွဲလိုက်နဲ့ဆိုတော့ အရင်လောက်စီးရေအပြည့်ပုံမှန်မထွက်နိူင်တော့ဘူး ” လို့ အများပိုင်ဘတ်စ်ကား ဒါရိုက်တာအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ YBS စနစ်အဖြစ်  ပြောင်းလဲခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘတ်စ်ကားစီးရေရဲ့ သုံးပုံတပုံလောက်ကို ကားအသစ်တွေနဲ့ အစားထိုးနိူင်ခဲ့ပြီး ကားအဟောင်းအများစုကို ဆက်သုံးနေရတဲ့အတွက် လက်ရှိအချိန်မှာ ကြံ့ခိုင်မှုကျဆင်းတဲ့ ကားတွေများလာသလို လက်ပူတိုက် ပြင်ဆင်ပြေးဆွဲနေရတာတွေ ရှိလာတာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ပြုပြင်ပြီး လိုင်းထွက်ဆွဲလို့ရတဲ့ ကားတွေ အသုံးပြုနေရသလို သုံးမရတော့ပဲ မြေစိုက်ကားတွေလည်း ရှိနေပြီး ကားအသစ် အစားမထိုးနိုင်တဲ့အတွက် ဘတ်စ်ကားစီးရေ တဖြေးဖြေး လျော့နည်းလာတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။

“ကားက မကောင်းတော့ မောင်းတဲ့သူလည်း ပိုပင်ပန်းတယ်။ ကိုယ့်ကားမထွက်နိုင်လို့ ဝင်ငွေထိခိုက်ရတာတွေလည်း ရှိတယ်” လို့ ၄၂ ယာဥ်လိုင်းမှ ယာဥ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အရင်နှစ်က YBS ကားစီးသူ ၁ ဒဿမ၅သန်း ရှိခဲ့ပြီး ပြေးဆွဲတဲ့ ဘတ်စ်ကားစီးရေ ၃,၆၀၀ နီးပါး ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုနှစ် စက်သုံးဆီ အခက်အခဲနဲ့ အိမ်စီးကားတွေကို  စုံ/မစနစ် အသုံး​ပြုမောင်းဖို့ သတ်မှတ်လိုက်တာတွေကြောင့် YBS ကားစီးသူ ၁ ဒဿမ ၈ သန်းအထိ ရှိလာပြီး ပြေးဆွဲတဲ့ ကားစီးရေမှာ ၃,၃၀၀ လောက်ပဲရှိကာ အရင်နှစ်ကထက် အစီးရေ ၃၀၀ နီးပါး လျော့သွားတယ်လို့  YRTC  ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

အခုလို YBS ကားတွေ စက်ပိုင်းချို့ယွင်းပြီး ဆက်သွားလို့မရတဲ့အတွက် ကားပြောင်းစီးရတာတွေ မကြာခဏ ကြုံလာရတယ်လို့လည်း ခရီးသည်တွေက ပြောပါတယ်။

Pace-Myanmar အဖွဲ့က ဇူလိုင်လထဲ ထုတ်​ပြန်ခဲ့တဲ့ စစ်တမ်းမှာ ခရီးသည် သုံးပုံတပုံက  YBS ဘတ်စ်ကားတွေရဲ့ ကြံ့ခိုင်မှု မကောင်းဘူးလို့ ဖြေဆိုထားကြောင်းနဲ့  စီးသူအ​ရေအတွက်နဲ့ ကားစီးရေ မမျှတာကြောင့် ပြွတ်သိပ်စွာစီးနေရတယ်လို့စစ်တမ်းဖြေဆိုသူ ၆၅ရာခိုင်နူန်းကထောက်ပြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ခရီးသည်၆၂ရာခိုင်နူန်းက YBSကားတွေအဲလ်ကွန်းမအေးကြောင်းဖြေဆိုပြီး ကားစီးရေ နည်းတဲ့အတွက် ဘတ်စ်ကားမှတ်တိုင်မှာ စောင့်ရတဲ့ ကြာချိန် ၁၅ မိနစ်ကနေ နာရီဝက်အထိ စောင့်ရသူ ၃၇ ရာခိုင်နှုန်းရှိကာ ခရီးသည် အများစုက ကားစီးရေ ထပ်တိုးပေးဖို့ လိုလားနေတယ်လို့ Pace-Myanmar ရဲ့ စစ်တမ်းက ဆိုပါတယ်။

Photo-လူမူကွန်ရက်