
“ကျွန်မလုပ်နေတာ မှန်တယ်ဆိုတာကို ကျွန်မ သိနေခဲ့တယ် ၊ သူတို့ ကားကို နည်းနည်း ရှေ့တိုးဖို့ ကြိုးစားခဲ့ပေမဲ့ ကျွန်မ မဖယ်ပေးခဲ့ပါဘူး” လို့ သူမက ပြန်ပြောင်းပြောပြခဲ့ပါတယ်။
၂၇ ၊ ဇူလိုင်
ရဲကားတစီးရဲ့ ရှေ့မှာ လက်တွေကို ဆန့်တန်းပြီး ရပ်နေတဲ့ မီးခိုးရောင် ခေါင်းစွပ်အင်္ကျီဝတ် အမျိုးသမီးတဦးဟာ ပြီးခဲ့တဲ့ မွန်ဘိုင်း ဆန္ဒပြပွဲတွေကနေ လူပြောအများဆုံး ခေါင်းစဉ်တခု ဖြစ်လာခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ အသက် ၂၇ နှစ်အရွယ် မော်ဒယ် ရီယာ အာဟီးရ် (Rhiya Ahir) ဖြစ်ပြီး၊ သူမ ရဲကားရှေ့မှာ ရပ်နေတဲ့ ရုပ်သံဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားခဲ့ပြီးနောက် ရုတ်တရက် လူသိများလာခဲ့ပါတယ်။
အာဟီးရ်ဟာ အဲဒီနေ့က ဆန္ဒပြပွဲရဲ့ ပြယုဂ်တခု ဖြစ်လာဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ အမှန်တော့ သူမဟာ အဲဒီနားမှာ လမ်းလျှောက်သွားနေတုန်း ဆန္ဒပြသူတွေကို တင်ဆောင်လာတဲ့ ရဲကားတစီးကို သတိပြုမိလိုက်ရာကနေ စခဲ့တာပါ။
သူမရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့သမျှဟာ လုံးဝကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်လိုက်တာလို့ ဆိုပါတယ်။
သူမဟာ ရဲကားဆီ သွားရောက်ပြီး ကားရဲ့ ရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်ပါတယ်။
“ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ဘူး” လို့ အာဟီးရ်က ဘာကြောင့် ဝင်ရောက်တားဆီးခဲ့တယ်ဆိုတာကို နောက်ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။
ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေက သူမရဲ့ အာရုံကို ဖမ်းစားခဲ့ပြီး၊ သူတို့ ဖမ်းဆီးခေါ်ဆောင်ခံရတာကို မြင်လိုက်ရတဲ့အခါ ဒီအတိုင်း လမ်းဆက်မလျှောက်နိုင်တော့ဘူးလို့ သူမက ဆိုပါတယ်။
“သူတို့ရဲ့ ကြွေးကြော်သံတွေက ကျွန်မကို ဆွဲဆောင်သွားခဲ့တာပါ။ တကယ်လို့ ကျွန်မသာ ဆန္ဒပြပွဲကို သွားနေတာဆိုရင် ဒီကနေပဲ စတာပဲ ဖြစ်လိမ့်မယ် ။ သူတို့က ဆန္ဒပြသူတွေကို ခေါ်သွားနေပြီ၊ ကျွန်မ ဒါကို ဒီအတိုင်း လွှတ်မပေးထားနိုင်ဘူးလို့ တွေးမိခဲ့တယ်” လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေကို မလိုအပ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ယုံကြည်တာကြောင့် ရဲကားကို တားဆီးဖို့ ဆုံးဖြတ်ခဲ့တာလို့ အာဟီးရ်က ပြောပါတယ်။
အဲဒီအခိုက်အတန့်ကို မီဒီယာတွေက ဗီဒီယို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ အဲဒီရုပ်သံမှာ ရဲအရာရှိတွေက သူမကို စကားပြောဖို့ ကြိုးစားနေစဉ်မှာ သူမဟာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ရဲကားရှေ့မှာ ရပ်နေတာကို မြင်တွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မကြာမီမှာပဲ မီးခိုးရောင် ခေါင်းစွပ်အင်္ကျီဝတ် အမျိုးသမီးဟာ ဘယ်သူလဲဆိုတာကို လူတွေ လိုက်လံရှာဖွေခဲ့ကြပါတယ်။
‘ကျွန်မရင်ထဲမှာ တုန်လှုပ်နေခဲ့တာပါ’
ဗီဒီယိုထဲမှာ အာဟီးရ်ကို ရဲရင့်သူတစ်ယောက်အဖြစ် မြင်တွေ့ရပေမဲ့ လက်တွေ့မှာတော့ လုံးဝခြားနားခဲ့တယ်လို့ သူမက ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ချိန် “ရင်ထဲမှာ တုန်လှုပ်နေခဲ့တယ်” လို့ အာဟီးရ်က ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ သူမ နေရာကနေ မဖယ်ပေးခဲ့ပါဘူး။
“ကျွန်မလုပ်နေတာ မှန်တယ်ဆိုတာကို ကျွန်မ သိနေခဲ့တယ် ၊ သူတို့ ကားကို နည်းနည်း ရှေ့တိုးဖို့ ကြိုးစားခဲ့ပေမဲ့ ကျွန်မ မဖယ်ပေးခဲ့ပါဘူး” လို့ သူမက ပြန်ပြောင်းပြောပြခဲ့ပါတယ်။
သူမရဲ့ ပြောကြားချက်အရ ရဲအရာရှိတွေက အကွာအဝေးအနည်းငယ်ရောက်ရင် ထိန်းသိမ်းထားတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးမယ်လို့ ပြောပေမယ့် အာဟီးရ်က အဲဒီရှင်းပြချက်ကို သဘောမကျခဲ့ပါဘူး။
ဆန္ဒပြသူတွေကို အပြင်ရောက်ရင် ပြန်လွှတ်ပေးမှာဆိုရင် စောင့်ဆိုင်းနေစရာ အကြောင်းမရှိဘူးဆိုပြီး သူမက ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ ထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်လာခဲ့သည့်အချိန်အထိ ရဲကားရှေ့မှာ ဆက်လက်ရပ်တည်ပေးခဲ့ပါတယ်။
ရဲကားထဲကနေ ထွက်လာကြသူတွေဟာ သူမကို လာရောက်ကျေးဇူးတင်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါဖြစ်ရပ်ဟာ အွန်လိုင်းပေါ်မှာ လူပြောများသည့် အကြောင်းအရာတခုအဖြစ် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ရီယာ အာဟီးရ် ဆိုတာ ဘယ်သူလဲ။
အာဟီးရ်ဟာ အသက် ၂၇ နှစ်အရွယ် မော်ဒယ်ဖြစ်ပြီး Instagram မှာ Followers တသိန်းနီးပါး ရှိကာ လူမှုကွန်ရက်ပေါ်မှာ လူသိများသူ တဦးဖြစ်ပါတယ်။
သူမဟာ နောက်ဆုံးပါဝင်ထားတဲ့ Dilbara အပါအဝင် တေးဂီတ ဗီဒီယိုအချို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးသူ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က သူမကို မော်ဒယ်နဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာပဲ အဓိက လူသိများခဲ့တာပါ။ ဒါပေမယ့် အခုလိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့ ရုပ်သံကြောင့် သူမကို ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်က သိရှိသွားခဲ့ကြပြီ ဖြစ်ပါတယ်။
အိန္ဒိယမှာ အမျိုးသားအဆင့် စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် လူငယ်တွေ ဦးဆောင်တဲ့ “Cockroach” (ပိုးဟပ်) လှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ္။ ဒါပေမဲ့ နိုင်ငံတစ်ဝန်း ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေကိုတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ပညာရေးဝန်ကြီးကို ရာထူးက ထွက်ပေးဖို့ တောင်းဆိုရင်း မြို့တော်ဒေလီနဲ့ မွန်ဘိုင်းအပါအဝင် မြို့ကြီးတွေမှာ သောင်းနဲ့ချီတဲ့ ဒေါသထွက်နေတဲ့ လူငယ်တွေ စုဝေးခဲ့ကြတာမို့၊ ခုလို ဆွေးနွေးဖို့ ဖြစ်လာတာဟာ အကျပ်အတည်းပြဿနာ ပြေလည်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာစေပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ၂၀၁၄ ခုနှစ်မှာ အာဏာရလာပြီးနောက်ပိုင်း ကြုံတွေ့ရသမျှထဲမှာ လူငယ်တွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှု တခု ဖြစ်လာခဲ့ပါတယ်။
Indiatimes က ဖော်ပြတဲ့ “Who is Rhiya Ahir? Woman who went viral after blocking police van at Mumbai CJP protest” ကို ကိုးကားဖော်ပြထားပါတယ်။