
ဇူလိုင်လ ၁၀ ရက်၊ ၁၅ ရက်နဲ့ ၁၆ တွေမှာ အကြောင်းပြချက် မျိုးစုံပေးပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦးကို ရှေ့ဆင့်နောက်ဆင့် အလုပ်ထုတ်ခဲ့တာလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဆီကသိရပါတယ်။
၂၃၊ဇူလိုင်
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်မှာ ဖွင့်လှစ်ထားတဲ့ Bontech အထည်ချုပ်စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦးအနက် ၂ ဦးကို လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးဖို့ ဒီနေ့မှာပဲ စက်ရုံဘက်က သဘောတူလိုက်ပါပြီ။
“စက်ရုံမှာက အရင်ကလည်း သမဂ္ဂမှာ ပါတဲ့သူကို ရွေးအလုပ်ထုတ်တာ ရှိခဲ့တယ်။ အခုထပ်ဖြစ်တာ၊ ဝေဖန်သံတွေ ထွက်လာတော့မှ အလုပ်ပြန်ဝင်ခွင့်ပေးတာ”လို့ အဲဒီစက်ရုံ လုပ်သားတဦးက ပြောပါတယ်။
Bontech အထည်ချုပ်စက်ရုံမှာ ဇွန်လနောက်ဆုံးအပတ်က လုပ်ခတိုးပေးဖို့ လုပ်ငန်းခွင်အတွင်း တောင်းဆို မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်တာတွေ ရှိခဲ့တာပါ။
အဲဒီလို ဆန္ဒပြ တောင်းဆိုတာတွေ ဖြစ်ပြီးနောက် ဇူလိုင်လ ၁၀ ရက်၊ ၁၅ ရက်နဲ့ ၁၆ တွေမှာ အကြောင်းပြချက် မျိုးစုံပေးပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦးကို ရှေ့ဆင့်နောက်ဆင့် အလုပ်ထုတ်ခဲ့တာလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဆီကသိရပါတယ်။
အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေ ရှိလာတဲ့အတွက် ပြန်လည်ညှိနှိုင်းချက် အရ ၂ ဦးကို အလုပ်ပြန်ဝင်ဖို့ စက်ရုံဖက်က လက်ခံခဲ့ပြီး နောက်တဦးမှာ လုပ်ငန်းခွင် နစ်နာကြေးယူပြီး အလုပ်ထွက်ဖို့ လက်ခံခဲ့တာလို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အချက် အလက်တွေအရ သိရပါတယ်။
အလုပ်ကနေ နစ်နာကြေးယူပြီး ထွက်မယ့်အလုပ်သမားအနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ ထပ်မတိုင်ဖို့နဲ့ တိုင်ခဲ့ရင် ဥပဒေအရ အရေးယူခံရမယ်လို့ အသိပေးထားသလို အလုပ်ရှင်ဖက်ကလည်း နောက်အလုပ်ရှာရခက်အောင် Black List သွင်းတာ မလုပ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။
Bontechအထည်ချုပ်စက်ရုံမှာ အခြေခံလုပ်ခနဲ့ တခြားခံစားခွင့်တွေ တိုးပေးဖို့ အလုပ်သမားတွေက ဇွန်လနောက်ဆုံးအပတ်မှာ ၆ ရက်ကြာ တောင်းဆိုပြီးနောက် ပြေလည်မှုရရှိခဲ့ပေမယ့် အလုပ်သမား သမဂ္ဂဝင်တွေ အလုပ်ထုတ်ခံရမှု ထပ်ရှိလာခဲ့တာပါ။
Photo – STUM
(ပုံစာ – Bontech စက်ရုံမှာ အလုပ်သမားတွေဆန္ဒပြနေစဥ်)