ရန်ကုန်မြို့မှာ အခုလိုယာဥ်နောက်လိုက်တွေ ဓါတ်လိုက်သေဆုံးရတာအပြင် ဝိုင်ဖိုင်ချိတ်ဆက် တပ်ဆင်ပေးတဲ့ ဝန်ထမ်းတွေ ဓါတ်ကြိုးနဲ့ထိမိပြီး သေဆုံးရတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၇၊ ဇူလိုင်
ရန်ကုန်မြို့မှာ ကုန်ကားခေါင်မိုးပေါ် တက်အလုပ်လုပ်ရင်း ယာဥ်နောက်လိုက် ဓာတ်လိုက်သေဆုံးရတဲ့ဖြစ်စဥ်တွေ မေလ နဲ့ ဇွန်လတွေမှာ နှစ်ကြိမ်ရှိခဲ့တယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော် ပိုရေးရှင်း(YESC) အချက်အလက်အရ သိရပါတယ်။
” ဖြစ်စဥ်က ဆက်တိုက်ဖြစ်လာတာ ဆိုတော့ အလေးထားရမယ့် ကိစ္စဖြစ်လာတယ်။ ပေါ့ပေါ့ ဆဆ မလုပ်ဖို့အတွက် သတိပေးသွားရမှာ” လို့ YRTCရုံးစီမံမူဆိုင်ရာ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ကုန်တင်ယာဥ်မောင်းတွေ အနေနဲ့ ယာဥ်ရပ်နားပြီး လုပ်ငန်းဆောင်ရွက်ချိန်မှာ သတိလက်လွတ်ဖြစ်ပြီး အသက်ဆုံးရှုံးကြရတာလို့ YESCက ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီ (YRTC)ကိုပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဇွန်၂၄ရက်မှာ ရွှေပေါက်ကံမြို့၊ အင်းဝလမ်းက ဒန်ရေကျို စက်ရုံဆီ ဒန်ပစ္စည်း လာပို့တဲ့ အမြင့် ၁၄ ပေ ၆ လက်မ ရှိတဲ့ ၁၂ ဘီး ကုန်တင်ကားပေါ် အုတ်မိုးထားတဲ့ တာလပတ်ကို တက်ဖြုတ်တဲ့ ယာဉ်နောက်လိုက် ဦးသီးဟအောင်ဟာ ကားခေါင်မိုးပေါ် သတိလက်လွတ် မတ်တပ်ရပ်မိရာကနေ 11Kv ဓါတ်အားလိုင်း အတွင်းဖက် ကြိုးနဲ့ထိမိပြီး ဓါတ်လိုက်သေဆုံးခဲ့တာပါ။
အဲဒီလိုပဲ မေလ ၂၅ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် ၁ ၊ ကနောင်မင်းသားကြီးလမ်း ပဲဂိုထောင်ကို ပဲလာပိုတဲ့ ၁၂ ဘီးကားက ယာဉ်နောက်လိုက် ကိုသက်နိုင်ဟာ ကားခေါင်မိုးပေါ်မှာ ဖုန်းပြောနေရာကနေ အမှတ် ၁ ဓါတ်အားခွဲရုံကနေ ဓါတ်အားပေးထားတဲ့ 11Kv B ဖီဒါနဲ့ ထိမိပြီး ဓါတ်လိုက် သေဆုံးခဲ့တယ်လို့ YESC က ဖေါ်ပြထားပါတယ်။
(11)kv ဓါတ်အားလိုင်းနဲ့ မြေပြင်အကွာအဝေးမှာ ၁၉ပေ ရှိပြီး ကုန်တင်ဆောင်တဲ့ ကားက သတ်မှတ်အမြင့်ထက် ပိုတင်ဆောင်တာ၊ ဓာတ်အားလိုင်းအောက်မှာ လုပ်ငန်းဆောင်ရွက်တဲ့ အတွက် ဓါတ်လိုက်မူ ဖြစ်နေရတာကြောင့် ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို အသိပညာပေးဖို့ YESC က (YRTC)ကို အကြောင်းကြားထားတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အခုလိုယာဥ်နောက်လိုက်တွေ ဓါတ်လိုက်သေဆုံးရတာအပြင် ဝိုင်ဖိုင်ချိတ်ဆက် တပ်ဆင်ပေးတဲ့ ဝန်ထမ်းတွေ ဓါတ်ကြိုးနဲ့ထိမိပြီး သေဆုံးရတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
#ရန်ကုန် #ယာဉ်နောက်လိုက် #ဓာတ်လိုက် #သေဆုံး
#DeltaNewsAgency #DNA