
မြောင်းမြသား ကျောင်းသား ကိုကျော်ဝင်းက သူ့ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ သွေးနဲ့ မန္တလေးဆောင် နံရံမှာ ၇-၇-၆၂ မမေ့ကြနဲ့လို့ ရေးခဲ့တဲ့အတိုင်းပဲ၊ ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကို ဆက်ပြီး ထိန်းသိမ်းခဲ့ကြပါတယ်။
၇၊ဇူလိုင်
မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ဆဲဗင်းဂျူလိုင်ဆိုတာ ကျောင်းသားတွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုး တခုတင် မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက အာဏာကို တလွဲအသုံးပြုပြီး ပညာရေးနဲ့ လူငယ်တွေကို ဘယ်လောက်ထိ ရက်ရက်စက်စက် ကြိုးကိုင်ဖို့ ကြိုးစားခဲ့သလဲ ဆိုတာကို ပြနေတဲ့ သမိုင်းမှတ်တိုင် တခုပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအရေးတော်ပုံရဲ့ နောက်ကွယ်မှာ ကျောင်းဆောင်စည်းကမ်း ၂၂ချက်၊ တက္ကသိုလ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပိတ်ပင်မှုနဲ့ စစ်အာဏာသိမ်းပြီးနောက်
ကျောင်းသားလှုပ်ရှားမှုတွေကို အမြစ်ဖြတ်ချင်တဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ အများကြီး
ရှိနေခဲ့ပါတယ်။
🔹သမိုင်းနောက်ခံနဲ့ အာဏာရှင်တို့ရဲ့ စိုးရိမ်စိတ်
၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း၊ စစ်အစိုးရသစ်ဟာ နိုင်ငံရေးအာဏာကို အရယူဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ အဲဒီအထဲမှာ တက္ကသိုလ်ကျောင်းသားထုကို ချုပ်ချယ်တဲ့ စည်းကမ်းအသစ်တွေ ချမှတ်တာဟာ အဓိကလုပ်ရပ်တခု ဖြစ်ခဲ့ပါတယ်။
အဲဒီစည်းကမ်းတွေဟာ ကျောင်းသားတွေကို အဆောင်ထဲမှာပဲ ပိတ်ထားဖို့ မဟုတ်ဘဲ၊ ကျောင်းသားတွေ လွတ်လပ်စွာ စုဖွဲ့ဆွေးနွေးနိုင်တဲ့ အာဏာနယ်မြေ တခုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာပဲ ဖြစ်ပါတယ်။
တက္ကသိုလ်ဆိုတာဟာ ပညာသင်ကြားရုံတင် မဟုတ်ဘဲ အတွေးအခေါ်တွေ ဖွံ့ဖြိုးရာ၊ ဝေဖန်ဆန်းစစ်မှုတွေ ပေါက်ဖွားရာနဲ့ လူငယ်တွေ စုစည်းလှုပ်ရှားရာ နေရာလည်း ဖြစ်နေပါတယ်။
ဒါကြောင့်လည်း အာဏာရှင်စနစ်အတွက်တော့ ဒီနေရာဟာ သဘာဝကျကျ စိုးရိမ်စရာ
ဖြစ်လာခဲ့တာပါ။ အခြေခံလူထုကို ကြောက်စိတ်နဲ့ အုပ်ချုပ်လို့ ရပေမယ့်၊ အမှားအမှန်ကို
ဝေဖန်ပိုင်းခြားနိုင်တဲ့ ကျောင်းသားလူငယ်တွေကိုတော့ အာဏာရှင်တွေက အမြဲတမ်း ရန်သူလိုပဲ
သတ်မှတ်ခဲ့ကြပါတယ်။
🔹အာဏာက ဘယ်လိုအလုပ်လုပ်သလဲ
အာဏာရှင်စနစ် တခုမှာ ဆန္ဒပြမှုတွေကို ကိုင်တွယ်တဲ့အခါ ဆန္ဒပြတဲ့သူတွေကို တုံ့ပြန်တာထက်
နောင်မှာ ဘယ်သူမှ မလှုပ်ရဲတော့အောင် အကြောက်တရား တည်ဆောက်ဖို့ကိုပဲ ဦးတည်ပါတယ်။
၁၉၆၂ ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် နယ်မြေထဲမှာ ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက်၊ မကျေနပ်သေးဘဲ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ဖောက်ခွဲ ဖျက်ဆီးလိုက်ပါတယ်။
ဒီဖျက်ဆီးမှုဟာ သေဆုံးသွားတဲ့ ကျောင်းသားတွေအတွက် နောင်တရတာမျိုး မဟုတ်ဘဲ၊ ကျန်ရှိနေတဲ့ လူငယ်မျိုးဆက်တွေကိုပါ ငါတို့ကို ဆန့်ကျင်ရင် ဒီလိုပဲ အဆုံးသတ်ရမယ် ဆိုတဲ့ မမြင်ရတဲ့ သတင်းစကားကို ပေးပို့လိုက်တာပါပဲ။ နေဝင်းရဲ့ စစ်အစိုးရဟာ လူတွေကိုပဲ သတ်ရုံတင် မဟုတ်ဘဲ သင်္ကေတကိုပါ ပစ်မှတ်ထားခဲ့တာကို ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံဆိုတာ ကျောင်းသားတွေရဲ့ စုဖွဲ့မှု၊ လွတ်လပ်တဲ့ နိုင်ငံရေးအသိအမြင်နဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းတွေကို ကိုယ်စားပြုတဲ့နေရာ ဖြစ်နေတာကြောင့်၊ အာဏာပိုင်တွေက အဲဒီနေရာကို သူတို့ရဲ့ အာဏာကို စိန်ခေါ်နိုင်တဲ့ အဓိကပြိုင်ဘက်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
🔹သင်္ကေတကို ဖျက်ဆီးခြင်း
သမဂ္ဂအဆောက်အအုံကို ဖြိုချလိုက်တာဟာ အုတ်နဲ့ ကွန်ကရစ်တွေကို ဖျက်ဆီးတာထက် ပိုပါတယ်။ အဲဒါဟာ ကျောင်းသားလူငယ်တွေရဲ့ စည်းလုံးမှုကို ပြနေတဲ့ ရုပ်ပုံကို ဖျက်ဆီးလိုက်တာပါ။
အာဏာရှင်တွေရဲ့ အမြင်မှာ အဲဒီသင်္ကေတဟာ ကျောင်းသားတွေကို မျိုးဆက်အလိုက် လှုံ့ဆော်ပေးနိုင်တဲ့ နိုင်ငံရေးအမှတ်တံဆိပ် ဖြစ်နေပါတယ်။ ဒါကြောင့် နေရာကို ဖျက်တာနဲ့ အဓိပ္ပာယ်ကို ဖျက်တာကို သူတို့က တစ်ပြိုင်နက်တည်းလုပ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာရှင်တွေဟာ အဲဒီသမိုင်းကို မျိုးဆက်သစ်တွေ မသိတော့အောင် စနစ်တကျ ပုံဖျက်တာတွေ၊ သမိုင်းဖျောက်တာတွေနဲ့ သမိုင်အမှားတွေ ဖြန့်ဝေတာတွေကို နှစ်ပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။ ဒီကိစ္စကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ကြည့်ရင် သူတို့ဟာ အကြမ်းဖက်မှုတွေ ပြီးသွားတဲ့အခါ မှတ်ဉာဏ်ကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားတာကို တွေ့ရပါလိမ့်မယ်။
သမဂ္ဂအဆောက်အအုံ မရှိတော့တာဟာ ရုပ်ပိုင်းဆိုင်ရာအရ ပျောက်ကွယ်သွားရုံတင် မဟုတ်ဘဲ၊
သမိုင်းကြောင်းကို ပြောဆိုတဲ့အခါ လက်တွေ့အထောက်အထား တခုကိုလည်း လျော့သွားစေပါတယ်။ ဒါကြောင့် ဒီလုပ်ရပ်ဟာ တော်လှန်နိုင်တဲ့နေရာကို ဖယ်ရှားတာနဲ့ သမိုင်းမှတ်တမ်းကို ပျက်စီးစေတာဆိုတဲ့ အဓိပ္ပာယ် နှစ်ထပ်ရှိနေပါတယ်။
🔹မှတ်ဉာဏ်ကို ဖျက်ဆီးခြင်း
ဆဲဗင်းဂျူလိုင်နဲ့ ပတ်သက်ပြီး အရေးကြီးဆုံး မေးခွန်းတခုကတော့ ဘာဖြစ်လို့ ဒီသမိုင်းကို ကာလတခုအထိ လူငယ်အများစုက သေသေချာချာ မသိခဲ့ကြတာလဲ ဆိုတာပါပဲ။ ဒီမေးခွန်းရဲ့ အဖြေကတော့ စစ်အာဏာရှင်တွေရဲ့ စနစ်တကျ သမိုင်းပုံဖျက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီပုံဖျက်မှုမှာ ကျောင်းသင်ခန်းစာတွေ၊ တရားဝင် သမိုင်းရေးသားမှုတွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ အားလုံး ပါဝင်နေပါတယ်။
အာဏာရှင်စနစ်ဟာ တကယ့်အဖြစ်အပျက်ကို ဖုံးကွယ်ရုံတင် မဟုတ်ဘဲ၊ အဲဒီဖြစ်ရပ်ကို လူတွေက ဘယ်လိုပုံစံနဲ့ မှတ်မိရမလဲဆိုတဲ့ နည်းလမ်းကိုပါ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် သမဂ္ဂအဆောက်အအုံ ဖျက်ဆီးခံရတာဟာ အဆောက်အအုံ ပျက်စီးမှုထက်
ပိုသွားပြီး မှတ်ဉာဏ်ကို ဖျက်ဆီးမှု ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းသားမျိုးဆက် အသီးသီးနဲ့ ဒီမိုကရေစီ လိုလားသူတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ဒီမှတ်ဉာဏ်ဟာ လုံးဝ ပျောက်ကွယ် မသွားခဲ့ပါဘူး။ ဆဲဗင်းဂျူလိုင်ဟာ ဒီနေ့အထိ ကျောင်းသားလူငယ်တွေနဲ့
နိုင်ငံရေး လှုပ်ရှားသူတွေ ကြားမှာ ဆက်ပြီး ဖော်ထုတ် အောက်မေ့နေရဆဲ ဖြစ်ပါတယ်။
မြောင်းမြသား ကျောင်းသား ကိုကျော်ဝင်းက သူ့ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ သွေးနဲ့ မန္တလေးဆောင် နံရံမှာ ၇-၇-၆၂ မမေ့ကြနဲ့လို့ ရေးခဲ့တဲ့အတိုင်းပဲ၊ ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကို ဆက်ပြီး ထိန်းသိမ်းခဲ့ကြပါတယ်။
🔹သမိုင်းနဲ့ အာဏာတလွဲသုံးမှု
ဒါကြောင့် ဆဲဗင်းဂျူလိုင်ကို သမိုင်းနောက်ခံနဲ့ အာဏာရေးရာ ရှုထောင့်ကနေ ကြည့်ရင် လူဘယ်နှစ်ယောက် သေခဲ့လဲဆိုတဲ့ စာရင်းထက် ပိုတဲ့အရာတွေကို မြင်လာရပါလိမ့်မယ်။ ဒီဖြစ်ရပ်ဟာ အာဏာရှင်စနစ်က ဥပဒေ၊ စည်းကမ်း၊ ပညာရေးနဲ့ အထိမ်းအမှတ် နေရာတွေကို အသုံးချပြီး လူထုရဲ့ စိတ်ဓာတ်ကို ဘယ်လို ထိန်းချုပ်ခဲ့သလဲ ဆိုတာကို ပြနေပါတယ်။
သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲခဲ့တာဟာ အာဏာရှိသူတွေရဲ့ သွေးထွက်သံယို ရက်စက်မှု သက်သက်တင် မဟုတ်ပါဘူး။ သူတို့ဟာ အာဏာကို ဆန့်ကျင်နိုင်တဲ့ စုဖွဲ့မှုတွေ၊ သင်္ကေတတွေ၊ မှတ်ဉာဏ်တွေနဲ့ သမိုင်းရေးသားမှုတွေကိုပါ အပြီးတိုင် ဖျက်ဆီးချင်ခဲ့ကြတာ ဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရရင် ဆဲဗင်းဂျူလိုင်ဟာ ကျောင်းသားထုရဲ့ အသက်ဆုံးရှုံးမှု ဖြစ်ရပ်တခုတည်း မဟုတ်ဘဲ၊ အာဏာရှင်တွေက ကျောင်းသားပြည်သူတွေရဲ့ စိတ်ဓာတ်၊ နေရာနဲ့ မှတ်ဉာဏ်တွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ အာဏာတလွဲသုံးမှု သမိုင်းဝင်ဖြစ်ရပ်ပဲဖြစ်ပါတယ်။ အဲဒီအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ သမိုင်းဆိုတာ အတိတ်မှာတင် ပြီးသွားတာ မဟုတ်ဘဲ၊ လက်ရှိအချိန်မှာ ရှိနေတဲ့ စစ်အာဏာရှင် မျိုးဆက်သစ်တွေရဲ့ အာဏာအသုံးပြုမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို အမြဲတမ်း သတိပေးနေတဲ့ အရာတခု ဖြစ်နေပါတော့တယ်။
#ဆဲဗင်းဂျူလိုင် #ကျောင်းသား #စစ်အာဏာရှင်
#DeltaNewsAgency #DNA