
ဂျာမနီနိုင်ငံရဲ့ ဖြစ်စဉ်ဟာ ဥရောပတဝှန်းလုံး ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့ အခြေအနေကို ပိုမိုထင်ရှားစေပါတယ်။
၁၀ ၊ ဇူလိုင်
ဂျာမနီနိုင်ငံမှာ အခုနှစ်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ အရေအတွက် ခန့်မှန်းခြေ ၅,၁၂၀ ဦး ရှိပြီလို့ မှတ်တမ်းတင်ထားပြီး၊ အများစုဟာ အပတ်စဉ် ပျမ်းမျှအပူချိန် ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် သိသိသာသာမြင့်တက်ခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ Robert Koch Institute (RKI) ပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၉ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသူအများစု (၄,၂၇၀ ဦးခန့်) မှာ အသက် ၇၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး အမျိုးသားထက် အမျိုးသမီးအရေအတွက် ပိုများတယ်လို့ RKI ရဲ့ အပတ်စဉ် အစီရင်ခံစာက ဆိုပါတယ်။
ဂျာမနီနိုင်ငံရဲ့ ဖြစ်စဉ်ဟာ ဥရောပတဝှန်းလုံး ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့ အခြေအနေကို ပိုမိုထင်ရှားစေပါတယ်။ ဥရောပသမဂ္ဂ Copernicus ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တခုမှာ အနောက်ဥရောပဟာ ပျမ်းမျှအပူချိန် ၂၀.၇၄ ဒီဂရီနဲ့ သမိုင်းတစ်လျှောက် အပူဆုံး ဇွန်လကို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ စပိန်နဲ့ နယ်သာလန်တို့မှာ ဇွန်လ ၂၀ ရက်ကနေ ၂၈ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ အပူလှိုင်းကြောင့် ပုံမှန်ထက် သေဆုံးသူ အရေအတွက် ၄,၇၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
RKI ရဲ့ ပြောကြားချက်အရ ဂျာမနီနိုင်ငံမှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အပူဒဏ်ကြောင့် သေဆုံးမှု အမြင့်မားဆုံးနှစ်တွေဟာ ၂၀၁၈ နဲံ့ ၂၀၁၉ ခုနှစ်တို့ ဖြစ်ကြပြီး၊ သေဆုံးသူ အရေအတွက် ၈,၄၀၀ နဲ့ ၆,၉၀၀ ဦး ရှိခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မီဖို့နဲ့ မတည်ငြိမ်တဲ့ ရုပ်ကြွင်းလောင်စာ တင်သွင်းမှုအပေါ် မှီခိုနေရတာကို လျှော့ချဖို့အတွက် ရည်ရွယ်ပြီး လေအားလျှပ်စစ် ထုတ်လုပ်မှု ပမာဏ တိုးချဲ့တာ ၊ လျှပ်စစ်ကား (EV) ရောင်းအားကို မြှင့်တင်တာ စတဲ့ လုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့ ယူရိုငွေ ရှစ်ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ်တွေကို မတ်လမှာ ချမှတ်ခဲ့ပါတယ်။
ဥရောပရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျာမနီဟာ ၂၀၃၀ ပြည့်နှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၁၉၉၀ ပြည့်နှစ် ပမာဏထက် အနည်းဆုံး ၆၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ ၂၀၄၅ ခုနှစ်တွင် ကာဗွန်လုံးဝကင်းစင်တဲ့ နိုင်ငံ (Climate-neutral) ဖြစ်လာစေဖို့ ရည်မှန်းထားပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်အထိ လျှော့ချနိုင်မှုဟာ ၄၈ ရာခိုင်နှုန်းသာ ရှိသေးတာကြောင့် လက်ရှိ ချမှတ်ထားတဲ့ မူဝါဒတွေဟာ မလုံလောက်သေးဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
Ref – Reuters