
ဂွမ်ရှီးဒေသဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး စီးပွားဖြစ် မြွေမွေးမြူရေး ဗဟိုချက်ဖြစ်ပြီး တိုင်းရင်းဆေးဝါး၊ သားရေထည်ပစ္စည်းတွေနဲ့ အသားအတွက် မြွေကောင်ရေ သန်း ၃၀ ခန့် မွေးမြူထားတဲ့ နေရာဖြစ်ပါတယ်။
၉ ၊ ဇူလိုင်လ
တရုတ်နိုင်ငံ ဂွမ်ရှီးဒေသမှာ ဆိုးဆိုးရွားရွားရေကြီးရေလျှံမှုကြောင့် ပုံမှန်မဟုတ်တဲ့ နောက်ဆက်တွဲ အန္တရာယ်တခု ကြုံတွေ့နေရပါတယ်။ အဲဒါကတော့ ရေနစ်မြုပ်သွားတဲ့ မြွေမွေးမြူရေးခြံတွေက မြွေအကောင်ရေ ရာချီ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။
မြွေမွေးမြူရေးခြံတွေ ရေလွှမ်းမိုးခံရပြီးနောက် အဆိပ်ပြင်း တော်ကြီးမြွေဟောက် အပါအဝင် တခြားမြွေအမြောက်အများဟာ အနီးအနားက ကျေးရွာတွေနဲ့ စိုက်ပျိုးရေးဧရိယာတွေကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက အထူးသတိပေးချက်ထုတ်ပြန်ပြီး စောင့်ကြည့်နေတယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဖော်ပြပါတယ်။
လွတ်မြောက်သွားတဲ့ မြွေတွေကို ဖမ်းဖို့ အဖွဲ့တွေ စေလွှတ်ထားပြီး မြွေကိုက်ခံရသူတွေကို အချိန်မီ ကုသမှုပေးဖို့အတွက်လည်း ယာယီဆေးခန်းတွေ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ဂွမ်ရှီးဒေသဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး စီးပွားဖြစ် မြွေမွေးမြူရေး ဗဟိုချက်ဖြစ်ပြီး တိုင်းရင်းဆေးဝါး၊ သားရေထည်ပစ္စည်းတွေနဲ့ အသားအတွက် မြွေကောင်ရေ သန်း ၃၀ ခန့် မွေးမြူထားတဲ့ နေရာဖြစ်ပါတယ်။
အဆိုပါဒေသမှာ လူအသေအပျောက်ရှိခဲ့တဲ့ ပြင်းထန်သောမုန်တိုင်း ဝင်ရောက်ပြီးနောက် ဝက်မွေးမြူရေးခြံတွေ ရေဝင်တာ ၊ စံပယ်စိုက်ခင်းတွေ ပျက်စီးတာနဲ့ သစ်လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။
ဒါဟာ ပိုမိုဆိုးရွားလာနေတဲ့ ရာသီဥတုဖောက်ပြန်မှုရဲ့ ကျယ်ပြန့်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ပြသနေတာပဲ ဖြစ်ပါတယ်။