
“ တခါတခါ တော်လှန်ရေးပြီးရင်တောင် အိမ်ပြန်လို့ရပါ့မလားလို့ တွေးမိတယ်။
၁၀၊ဇူလိုင်
(၁)
“သာလီစွပါ” ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ နေနေဟာ သူမရဲ့ ရုပ်သံသတင်းတင်ဆက်မှုကို စတင်လိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ငပလီဒေသ တိုက်ပွဲအတွင်းမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဖခင်ဖြစ်သူရဲ့ ရက်လည်နေ့မှာပဲ နေနေဟာ လေး၀တီFM အတွက် သတင်းတွေကို ဆက်လက်တင်ဆက်နေခဲ့တာပါ။
တကယ်တော့ သူမဟာ သတင်းလောကကို စတင်ဝင်ရောက်လာချိန်မှာ ရေဒီယိုအစီအစဉ်မှာသာ သတင်းတင်ဆက်ခဲ့သူပါ။သတင်းအလုပ်ကို စိတ်ပါဝင်စားလို့ သတင်းလောကထဲကို ရောက်လာခဲ့တာမျိုး မဟုတ်ပေမယ့် တိုက်ပွဲတွေကြား ဖခင်ဖြစ်သူနဲ့ အဆက်သွယ် ပြတ်နေပြီး သတင်းပြန် သိရချိန်မှာ ဖခင်ဖြစ်သူဟာ ကွယ်လွန်သွားခဲ့ပါပြီ။
ဒီလိုမျိုး ဖခင်ကွယ်လွန်သွားရတဲ့ အကြောင်းရင်းကို အခြေပြုရင်း သူမဟာ လေးဝတီအက်ဖ်အမ် တည်ထောင်သူနဲ့ ညှိနှိုင်းပြီး ” စစ်ပွဲအတွင်းက အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသူများ ကူညီရှာဖွေ ပေးရေး အစီအစဉ် ” ကိုစတင်ခဲ့ပါတယ်။
Mizzima Radio(108လှိုင်းတိုမီတာ) နဲ့ ပူးပေါင်းတင်ဆက်နေတဲ့ လေးဝတီအက်ဖ်အမ်ရဲ့ ဒီအစီအစဉ်ဟာ ရခိုင်လူထုကြားမှာ ထိထိရောက်ရောက် ပြန့်နှံ့ခဲ့ပြီး မိသားစုပေါင်း ထောင်ဂဏာန်းနီးပါးကို အဆက်သွယ်ရအောင်၊ သတင်းတွေ သိခွင့်ရအောင် ချိတ်ဆက်ပြန်ကြား ပေးနိုင်ခဲ့ပါတယ်။
(၂)
“ ခု ‘နေ’ က အမေတို့ရှိနေတဲ့ နေရာကို လေယာဉ်နဲ့ ဗုံးလာကြဲတယ်ဆိုတဲ့အိပ်မက်တွေ ဆက်တိုက်မက်တယ်။ နိုးလာရင် ပြန်အိပ်လို့မရဘူး အဲ့ဒါ တရက်ခြား၊ တခါတလေ ရက်ဆက်မက်နေတာ”
ဖခင်ဖြစ်သူရဲ့ ဖြစ်ရပ်ဆိုးကို ကြုံခဲ့ရအပြီး ၂ နှစ်နီးပါးအကြာ ၂၀၂၆ ခုနှစ် မေလအရောက်မှာ လေး၀တီFM ဝိုင်းတော်သူဖြစ်တဲ့ နေနေက သူမရဲ့လက်ရှိ စိတ်နဲ့ ကိုယ် ကျန်းမာရေး အခြေအနေကို DNA ကို ပြောပြနေတာပါ။
ပြည်တွင်းမှာရှိနေခဲ့စဉ်က ကြီးမားတဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေမယ့် သတင်းထောက်၊ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ ၃ နှစ်နီးပါး ကာလမှာတော့ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေကို ပြင်းပြင်းပြပြ ခံစားလာရပါတယ်။
အကြောင်းရင်းကတော့ စစ်တပ်က မကြာခဏ လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ ဒေသတခုမှာ မိခင်ဖြစ်သူနဲ့ မိသားစုတွေ ရှိနေတာကြောင့်ပါ။
ဒါပေမယ့် ၂၀၂၄ ခုနှစ်ကတည်းက တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းဗုံးကြဲမှုတွေလည်း ခပ်စိတ်စိတ်ရှိနေခဲ့ပါရဲ့ ဘာလို့ အခုများမှ ဒီလိုအိပ်မက်မျိုးကို ဆက်တိုက်မက်နေရတာပါလဲ။
ဧပြီလဆန်းပိုင်းက သူတင်ဆက်ခဲ့တဲ့ သတင်းတပုဒ်ဟာ စစ်တပ်ရဲ့ ဆိုးယုတ်မှုတွေကို ထင်ထင်ရှားရှား ဖော်ပြထားတဲ့ သတင်းဖြစ်နေတာကြောင့် စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်အကောင့် တချို့က သတင်းနဲ့အတူ လူကိုပါ တိုက်ခိုက်လာခဲ့ကြပါတယ်။
“ နေ့ သတင်းအောက်မှာ လာမန့်တယ် နင့်ကိုသိတယ် နင့်အမေကို သိတယ်လို့ပြောတယ်။ မန့်ကိုတော့ နေ တို့ ဖျက်ပစ်လိုက်တယ်။ ပြီးတော့ ချက်ဘောက်စ်မှာလည်း လာပြောတယ်။ နင့်အမေကို….” နေနေ့ အသံက တိုးလျပျောက်ကွယ်သွားပါတယ်။
(၃)
ဆောင်းပါးရှင် မြင်တွေ့ခဲ့ရတဲ့ မျက်ရည်တွေနဲ့ အလုပ်လုပ်နေခဲ့တဲ့ နေနေဟာ ဒီအစီအစဉ်အပါအဝင် စစ်အတွင်းက သတင်းတွေကို လေလိုင်းတွေပေါ်ကတဆင့် ရခိုင်ပြည်သူတွေဆီကို သူ့အသံချိုချိုလေးနဲ့ ပြန့်နှံ့ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့သူပါ။
“ ရုပ်ထွက်ပြဖို့ စဉ်းစားတာက အရင်ကလည်း ငါလုပ်နိုင်ခဲ့တယ်။ လုပ်ခဲ့တယ်။ အခု ရုပ်မပြတဲ့ သတင်းနဲ့ ရုပ်ပြတဲ့ သတင်းမှာ ရုပ်ပြတဲ့ သတင်းက ပိုပြီးတော့ တာဝန်ယူရာရောက်တယ်။ တာဝန်ခံရာရောက်တယ် ဆိုတဲ့စိတ်နဲ့ ရုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ” လို့ နေနေ က ၂၀၂၆ ခုနှစ်အရောက်မှာ ရုပ်/သံ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပုံကို ပြန်ပြောပြပါတယ်။
ဒီလိုဆုံးဖြတ်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင်စဉ်းစားပြင်ဆင်ထားခဲ့ပေမယ့် အာရက္ခတပ်တော် (AA)နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ဆိုင်ရာသတင်းမျိုး တင်ဆက်တဲ့အခါ AA ထောက်ခံသူတွေရဲ့ တိုက်ခိုက်မှုတွေကို ခံစားလာရပါတယ်။
ရခိုင်ပြည်နယ်မှာ အင်အားကြီး လက်နက်ကိုင်တွေဖြစ်ကြတဲ့ AA နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးက စောင့်ကြည့် ပစ်မှတ်ထားခြင်း ခံနေရတဲ့ လေးဝတီအက်ဖ်အမ် သတင်းဌာနမှာ ရုပ်ပြပြီး သတင်းတင်ဆက်နေတာကြောင့် ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါ “ ကြောက်တယ်။ ပြီးတော့ တကယ့် သတင်းမှန်တွေကို ငါလုပ်နိုင်နေတယ်လို့ ဂုဏ်လည်းယူတယ် ”တဲ့။
“ရုပ်ကို မသိတုန်းကတော့ လူကို မတိုက်ခိုက်ကြဘူးပေါ့။ ရုပ်ကိုသိသွားကြ ချိန်မှာတော့ လူကိုပါ တိုက်ခိုက်လာကြတယ် ” လို့ ပြောရင်း “ နေ့ ကို တိုက်ခိုက်တာကို နေမကြောက်ပါဘူး ဒါပေမယ့် မိသားစုကိုကျတော့…. ” သူ့အသံကတိုးလျသွားပြန်ပါတယ်။
(၄)
Myanmar Women in Media (MWiM) တည်ထောင်သူ မတင်ဇာအောင် က “ ကျွန်မတို့ဆီမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် ပရယ်ဇန်တာတွေ အတွက်ဆိုပြီး သီးသန့်စာရင်းလုပ်ထားတာ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကူညီပေးနေတာမျိုးတွေတော့ မရှိသေးဘူး။ ဒါပေမယ့် ကျွန်မတို့က အားလုံးကို အမျိုးသမီး သတင်းသမားတွေလို့ သတ်မှတ်ပြီးတော့ သူတို့ (သတင်းတင်ဆက်သူ)တွေပါ ပါဝင်နိုင်တဲ့ သင်တန်းတွေ၊ ထောက်ပံ့မှုတွေတော့ လုပ်နိုင်သလောက် လုပ်နေပါတယ် ” လို့ ဆိုပါတယ်။
MWiM က ပြီးခဲ့တဲ့ မတ်လက “Frontline HerStories” ဆိုတဲ့ သုတေသနအစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး ဒီစာတမ်းထဲမှာ မြေပြင်က အမျိုးသမီး သတင်းသမား ၃၀ ရဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်တွေထဲမှာ ဒီသတင်းသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကိုလည်း သေချာ ဖော်ပြထားပါတယ်။
မြေပြင်မှာ သတင်းရယူနေသူ အမျိုးသမီး သတင်းထောက်တဦးက “ ကျွန်မက သတင်းထောက်ပါဆိုပြီး သတင်းယူတဲ့အခါ အန္တရာယ်ရှိနိုင်တာမျိုး ဆိုရင် ကျွန်မတို့က ဘယ်သူ ဘယ်ဝါပါလို့ မပြောပဲ ဒီတိုင်းလေး ဒိုင်လျိုသတင်းယူလိုက်တာမျိုး လုပ်ရတာမျိုးရှိပါတယ်။ ကိုယ်ဘာလဲဆိုတာကို သိလို့ ပြဿနာရှိနိုင်တဲ့ နေရာမျိုး ဆိုရင် ကိုယ်တင်မက မိသားစုပါ ပြဿနာရှိလာနိုင်တာကြောင့်ပါ ” လို့ဆိုပါတယ်။
“ ဒီအလုပ်ကို လုပ်မယ်လို့ တွေးတဲ့အခါ အရင်ဆုံး အားနာမိတာ၊ စိုးရိမ်မိတာ မိသားစုပဲ။ သူတို့က ပြည်တွင်းမှာကျန်ခဲ့တာကိုး။ တိုက်(သတင်းဌာန)ကတော့ ပြောတယ် အထဲက (ပြည်တွင်းမှာ ကျန်ခဲ့သူတွေ)လူတွေ အန္တရာယ်ရှိနိုင်ရင် မလုပ်ဖို့ပေါ့။ ဒါပေမယ့် လုပ်မယ်ပေါ့ ဆုံးဖြတ်လိုက်တယ်။ မိသားစုကလည်း အားပေးတယ်။ ဒါပေမယ့် တကယ်လုပ်တဲ့အခါ တချို့သတင်းတွေက အိပ်မက်ဆိုးတွေ မက်စေတယ် ” လို့ ချင်းမိုင်မှာ အခြေစိုက်တဲ့ မီဒီယာတခုမှာ သတင်းတင်ဆက်သူ အဖြစ်လုပ်ကိုင်နေသူ တဦးက ပြောပါတယ်။
“အိပ်မက်ဆိုးဆိုတာ အမေ့ကို လာဖမ်းသွားတယ် ဆိုတာမျိုးတွေပေါ့”
သူခဏ တိတ်ဆိတ်သွားပြီးနောက်မှာ “ တခါတခါလည်း နောင်တရတယ်။ တခါတခါကျလည်း ကိုယ့်သတင်းကြောင့် အဆင်ပြေသွားတာမြင်ရင် ပီတိဖြစ်တယ်ပေါ့ ” လို့ ဆက်ပြောပါတယ်။
(၅)
အရပ်ငါးပေဝန်းကျင် ပိန်ပိန်ပါးပါးနဲ့ မျက်နှာအရောင်ဖျော့ပြီး ရက်ဆက် အိပ်ရေးပျက်ထားတာကြောင့် ချိုင့်ဝင်နေတဲ့ မျက်ဝန်းတွေနဲ့ နေနေဟာ ရုပ်/သံ သတင်းကို အကောင်းဆုံးဖြစ်အောင် တင်ဆက်နေပါတယ်။ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေဟာ သတင်းပရိတ်သတ်တွေ ဆီကိုပါ ကူးစက်သွားတာကြောင့်
“နေမကောင်းဘူးလား” ဆိုတဲ့ မှတ်ချက်တချို့ကိုလည်း လက်ခံရရှိခဲ့ပါတယ်။
အသံတိုးတိုးနဲ့ စကားတွေဆက်ပြောနေတဲ့ သူ့ရဲ့မျက်ဝန်းတွေကတော့ မှုန်မှုန်မှိုင်းမှိုင်းဖြစ်သွားလိုက်၊ ကြည်လင်တောက်ပလာလိုက်ပါပဲ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ စစ်အာဏာရှင် အလိုကျ သတင်းတွေကို မဖန်တီးနိုင်တဲ့ သတင်းသမားတွေနဲ့ သတင်းဌာနတွေဟာ လွတ်မြောက်နယ်မြေတွေနဲ့ ပြည်ပကို ထွက်ခွာခဲ့ကြပါတယ်။
ဒီနောက်မှာတော့ မီဒီယာအများစုဟာ FB လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကတဆင့် သတင်းတွေကို ပုံစံမျိုးစုံနဲ့ ထုတ်လွှင့်တင်ဆက်ခဲ့ကြပါတယ်။ ဒီထဲမှာ သတင်းကြေညာသူတွေနဲ့ သတင်းတင်ဆက်မှုတွေလည်း ပါဝင်ခဲ့ကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မျက်နှာဖော်ပြပြီး သတင်းကြေညာကြသူ၊ သတင်းတင်ဆက်ကြသူ အများစုဟာ မိသားစုတွေ ဘေးကင်းရာ နေရာတွေမှာ ရှိနေကြသူတွေ ဖြစ်ပေမယ့် မိသားစုတွေ အန္တရာယ်ရှိတဲ့ အခြေအနေကြားမှာရှိနေသေးတဲ့သူတွေလည်း ရှိနေပါတယ်။
ဒီထဲက တချို့တွေဟာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ သတင်းတင်ဆက်မှုတွေ ပြုလုပ်လာတဲ့အခါမှ စစ်တပ်ဘက်က သာမက တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေ၊ မလိုမုန်းထားမှုတွေကိုပါ ခံလာကြရပါတယ်။
ဒါပေမယ့် သတင်းတင်ဆက်နေကြသူတွေကတော့ ဒီလိုစိုးရိမ်စိတ်နဲ့ ကြောက်ရွံ့တုန်လှုပ်မှုတွေကို အံတုရင်း သတင်းတွေကို ပရိသတ်ဆီ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ပေးပို့နေကြဆဲဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရမှုတွေကိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကျော်လွှားနေကြပါတယ်။
“ တခါတခါ တော်လှန်ရေးပြီးရင်တောင် အိမ်ပြန်လို့ရပါ့မလားလို့ တွေးမိတယ်။ ဒါပေမယ့် သတင်းတွေ သူတို့ဆီ( ရခိုင်ပြည်သူတွေဆီ) မရောက်တော့မှာကို ပိုစိတ်ပူတယ် ”လို့ နေနေက ပြောပါတယ်။